MVRF က ကျဆုံးရဲဘော် ၇ ဦးကိုအလေးပြုပြီး ကျန်ရစ်မိသားစုတွေကို ထောက်ပံ့

MVRF က ကျဆုံးရဲဘော် ၇ ဦးကိုအလေးပြုပြီး ကျန်ရစ်မိသားစုတွေကို ထောက်ပံ့

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက်၊ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF အဖွဲ့က ကျဆုံးခဲ့တဲ့ရဲဘော်တွေရဲ့ အုတ်ဂူတွေမှာ လွမ်းသူ့ပန်းခွေချဂုဏ်ပြုပြီး ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေကို ငွေထောက်ပံ့ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။ 

ကျဆုံးရဲဘော်တွေရဲ့မိသားစုတွေကို အောက်တိုဘာ ၂ ရက် မနေ့က တအိမ်ထောင်ကို ၁ သိန်းနှုန်းနဲ့ အိမ်ထောင်စု ၇ စုကို လစဥ်ငွေအဖြစ် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

“အရင်တုန်းကတော့ ဘဏ္ဍာငွေပေါ်မှုတည်ပြီး ထောက်ပံ့ပေးခဲ့တာပါ။ အခုတော့ ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေကို လစဉ် ၁ သိန်းထောက်ပံ့ပေးနေတာ။ ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့က ဒီထက်ပိုပြီးထောက်ပံ့ပေးနိုင်အောင် ကြိုးစားသွားမှာပါ” လို့ MVRF ရဲ့ ဥက္ကဌ ဦးအောင်ဇေယျက ဆိုပါတယ်။

ကျဆုံးတာ ၁ နှစ်ကျော်ကြာပြီဖြစ်တာကြောင့် နှစ်ပတ်လည်အနေနဲ့ မနေ့ကမနက်ပိုင်းမှာပဲ MVRF ရဲ့ ဗဟိုကော်မတီဝင်တွေ၊ ဒေသခံပြည်သူတွေ၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ စုပေါင်းအင်အား ၃၀၀ လောက်က ရဲဘော်တွေရဲ့ အုတ်ဂူမှာ လွမ်းသူပန်းခွေချ၊ အလေးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ 

“ကျဆုံးရဲဘော်တွေနဲ့ပတ်သက်လို့ တနှစ်ကျော်ခဲ့ပေမယ့် ကျနော်တို့သတိရနေသေးတယ်ဆိုတာကို အားလုံးသိအောင်လို့ပါ။ နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားတဲ့ရဲဘော်တွေကို ကျနော်တို့ရင်ထဲမှာ အမြဲထာဝရရှိနေပြီး မမေ့သေးဘူးဆိုတာကို ဂုဏ်ပြုသောအားဖြင့် လွမ်းသူပန်းခွေချပေးတာ ဖြစ်ပါတယ်။” လို့  ဦးအောင်ဇေယျက ပြောပါတယ်။ 

၂၀၂၃ သြဂုတ် ၁၅ ရက်မှာ ရော့ကတ်ထုတ်လုပ်လုပ်ရင်း ဒိုင်းနမိုက်တွေပေါက်ကွဲထိမှန်ပြီး ရဲဘော် ၄ ဦးသေဆုံးခဲ့ပြီးနောက် ကန်နီပျူစောထီးရွာကို တိုက်ခိုက်ရင်း မိုင်းမတော်တဆမှုကြောင့် ရဲဘော် ၁ ဦးနဲ့ ကျန်းမားရေးကြောင့် ရဲဘော် ၂ ဦး စုစုပေါင်း ၇ ဦးကျဆုံးခဲ့တာပါ။ 

ကျဆုံးသူတွေဟာ အသက် ၂၃ နှစ် ရဲဘော်တိုက်ဂါး (ခ) ခင်မောင်စိုး၊ ၂၁ နှစ်အရွယ် ရဲဘော်သတ္တိ (ခ) ဆန်းကိုကို၊ ရဲဘော်ကျော်ဇင် (ခ) ကျော်ဇင်ဖြိုး၊ ရဲဘော်ငှက်လေး (ခ) မင်းထိုက်၊ အသက် ၃၉ နှစ်အရွယ် ဗဟိုကော်မတီဝင် ရဲဘော်မျိုးမြင့်လေး၊ ၃၂ နှစ်အရွယ် ရဲဘော်ကျော်ရဲအောင် (ခ) ဗိုလ်ကျော် နဲ့  ၂၂ နှစ်အရွယ် ရဲဘော် အောင်သီဟ (ခ) အိုးဝေတို့ဖြစ်ပါတယ်။  

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြိုင် #MVRF #ထောက်ပံ့ #ကျဆုံးရဲဘော် #ဂုဏ်ပြု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10