Myanmar Huasheng Yashili အထည်ချုပ်က နေ့စားဝန်ထမ်း ၂၀၀ ကျော် အလုပ်ထုတ်ခံရမယ့်အခြေနေကြုံနေရ

Myanmar Huasheng Yashili အထည်ချုပ်က နေ့စားဝန်ထမ်း ၂၀၀ ကျော် အလုပ်ထုတ်ခံရမယ့်အခြေနေကြုံနေရ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာ ၉ ရပ်ကွက်၊ ညောင်အင်းစက်မှုဇုံနယ်မြေအတွင်းရှိ တရုတ်နိုင်ငံသား Mr.Cai Jan Feng ပိုင် Myanmar Huasheng Yashili Fashion Co.Ltd အထည်ချုပ်စက်ရုံမှ နေ့စားဝန်ထမ်း ၂၀၀ ကျော် အလုပ်ထုတ်ခံရမယ့်အခြေနေကြုံနေရတယ်လို့ ဝန်ထမ်းတွေထံက သိရပါတယ်။

စက်ရုံဘက်ကနေ လုပ်သက် ၆ လအောက် နေ့စားဝန်ထမ်းတွေကို ကြိုတင်အသိပေး ညှိနှိုင်းတာမျိူးတွေမလုပ်ဘဲ အလုပ်ထုတ်ဖို့ ကြိုးစားခဲ့လို့ အလုပ်မထုတ်ခံရရေး တောင်းဆိုဆန္ဒပြ ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

လုပ်သက် ၆ လအောက် နေ့စားဝန်ထမ်းတွေကို လျော့ချဖို့ စက်ရုံဘက်က စစ်ကောင်စီလက်အောက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကို တင်ပြခဲ့ရာမှာ ဌာနဘက်က ဥပဒေအရ လုပ်သက် ၆ လအောက် ဝန်ထမ်းတွေကို လျော်ကြေးပေးစရာမလိုဘဲ ထုတ်ပယ်နိုင်တယ်လို့ အကြောင်းကြားလာလို့ စက်ရုံဘက်က ဝန်ထမ်းတွေကို လျော်ကြေးမပေးဘဲ ထုတ်ပယ်ဖို့ လုပ်လာတာဖြစ်ပါတယ်။

"ခုက စက်ရုံဘက်က ဝန်ထမ်းတွေကို အသိမပေးဘဲ အလုပ်ထုတ်ဖို့ လုပ်လာလို့ မနေ့က ဝန်ထမ်း ၈၀ ကျော်လောက်က စက်ရုံရှေ့ ဆန္ဒပြသလို ဖြစ်သွားတယ်။ ခုတော့ ဝန်ထမ်းတွေဘက်က စက်ရုံကို တောင်းဆိုထားတာတွေရှိတော့ ညှိနှိုင်းမှုတွေဆက်လုပ်နေတယ်" လို့ ဝန်ထမ်းတဦးက ပြောပါတယ်။

ချက်ချင်းအလုပ်ထုတ်ခံရမယ်ဆိုပါက ထုတ်ပယ်ခံရမယ့် ဝန်ထမ်းတွေအတွက် စားဝတ်နေရေးနဲ့ အလုပ်အသစ်ပြန်ရဖို့ စတဲ့အခက်ခဲများစွာကြုံလာရနိုင်တယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေဘက်ကတော့ ထုတ်ပယ်ခံရမယ့် ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ပေးဖို့၊ မခန့်နိုင်ပါက လျော်ကြေး ပေးဖို့နဲ့ အလုပ်သစ်ရှာရန် အချိန်ပေးဖို့စတဲ့ အချက်တွေကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

အဲ့ဒီစက်ရုံမှာ အမြဲတမ်းဝန်ထမ်းနဲ့ နေ့စားဝန်ထမ်း ၁,၀၀၀ နီးပါးရှိပြီး နေ့စားဝန်ထမ်းအနေနဲ့က တရက်ကို ၅,၆၀၀ ကျပ်ရရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း Myanmar Huasheng Yashili Fashion Co.Ltd အထည်ချုပ်စက်ရုံကို အော်ဒါမှာယူမှုတွေနည်းလာပြီး စီးပွားရေးကျဆင်းလာတာကြောင့် ဝန်ထမ်းတွေကို လစာရှင်းပေးဖို့ အခက်ခဲရှိလာလို့ စက်ရုံဘက်က ဝန်ထမ်းလျော့ချဖို့ လုပ်လာတာလို့ ဆိုပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဥဿာမြို့ #ညောင်အင်းစက်မှုဇုံ #တရုတ်နိုင်ငံသား #အထည်ချုပ် #အလုပ်သမား #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10