NLD ပါတီ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်၊ နေအိမ်သို့ပြန်လည်သယ်ယူ

NLD ပါတီ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်၊ နေအိမ်သို့ပြန်လည်သယ်ယူ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာယကကြီး သူရဦးတင်ဦးဟာ ယနေ့ ဇွန် ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှာ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပြီဖြစ်ပြီး သူရဲ့ နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့၊ ဗောဓိရိပ်သာလမ်းနေအိမ် ကို သယ်ဆောင်ရောက်ရှိသွားပြီလို့ ရန်ကုန်စာပေအသိုင်းအဝိုင်းက သိရပါတယ်။

သူရဦးတင်ဦးကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်အရွယ်ရောက်ပြီဖြစ်ပြီး မေ ၂၉ ရက်က ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်ဆေးရုံကြီးကို တက်ရောက်ကုသခဲ့ရပြီး နှလုံးကုသဆောင် အထူးကြပ်မတ် ဆောင်တို့ကို ပြောင်းရွှေ့ကုသခဲ့ပေမယ့် အခုလိုကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

"အခုမနက်ပဲ ဆုံးတာပေါ့။ နေအိမ်ကိုတော့ သယ်ယူသွားကြပါပြီ။ ဆရာက ကျန်းမာရေးမကောင်းတာတော့ ကြာပြီပေါ့။ အသက်လည်း ကြီးပြီဆိုတော့။ နာရေးကိုဘယ်လိုပုံစံပြုလုပ်မယ်ဆိုတာတော့ ကျနော်တို့ သေချာမသိသေးပါဘူး။ ဆရာအိမ်ကို သွားတဲ့သူတွေလည်း သွားနေကြပါပြီ" လို့ ရန်ကုန်အခြေစိုက်စာရေးဆရာတဦးက ပြောပါတယ်။

ဦးတင်ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးဥက္ကဌအဖြစ် တာဝန်ယူခဲ့စဉ်အတွင်းက မြန်မာနိုင်ငံမြို့ရွာ အများအပြားကို လှည့်လည်ပြီး စည်းရုံးဟောပြောမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ နေအိမ်ရေချိုးခန်းအတွင်း ချော်လဲရာက လေဖြတ်ဝေဒနာခံစားခဲ့ရပြီး ကောင်းစွာစကားမပြောနိုင်တော့သလို ပြင်ပသွားလာမှုတွေလည်း နည်းပါးခဲ့ကာ ဆေးဝါးကုသမှု အနီးကပ် ခံယူခဲ့ရတယ်လို့ သိရပါတယ်။ 

ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သူရဦးတင်ဦးဟာ စစ်တပ်က အနားယူပြီးနောက် NLD ပါတီစတင်တည်ထောင်ခဲ့ချိန် ၈၈ ခုနှစ်ကတည်းက ပါတီခေါင်းဆောင်းတဦးအဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပါတီနာယကအဖြစ်နဲ့ နေထိုင်ခဲ့တာပါ။

ပုံစာ -၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က ပါတီအောင်နိုင်ရေးအတွက် ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် စည်းရုံးဟောနေပြောသည့် သူရဦးတင်ဦးကိုတွေ့ရစဉ်။

#မြေလတ်အသံ

#NLD #နာယက #ဦးတင်ဦး #သူရဦးတင်ဦး #ကွယ်လွန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10