NUG စိုးမိုးနယ်မြေထဲက လောင်းကစားဝိုင်းကို ဖမ်းဆီးအရေးယူ၊ လောင်းကြေးငွေ ကျပ်သိန်း ၄၀၀ ခန့် သိမ်းဆည်းရမိ

NUG စိုးမိုးနယ်မြေထဲက လောင်းကစားဝိုင်းကို ဖမ်းဆီးအရေးယူ၊ လောင်းကြေးငွေ ကျပ်သိန်း ၄၀၀ ခန့် သိမ်းဆည်းရမိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တရားမဝင်ပြုလုပ်နေတဲ့ လောင်းကစားဝိုင်း ၂ ဝိုင်းကို မတ် ၂၅ ရက် နေ့လယ် ၃ နာရီကျော်မှာ ဖမ်းဆီးအရေးယူလိုက်တယ်လို့ ပခုက္ကူခရိုင်တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ 

NUG အစိုးရ စိုးမိုးနယ်မြေထဲကကျေးရွာ ၁ ရွာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့နဲ့ ပြည်သူအချို့ပါဝင်လုပ်ဆောင်နေတဲ့ ဖဲဝိုင်း ၁ ဝိုင်းနဲ့ ကြက်ဝိုင်း ၁ ဝိုင်းတို့ကို ဝင်ရောက်ဖမ်းဆီးရာ လောင်းကြေးငွေ ကျပ်သိန်း ၄၀၀ ခန့်နဲ့အတူ တရားခံ ၃၀ ဦး၊ ဆိုင်ကယ်အစီး ၅၀၊ ကား ၁ စီးကိုပါ ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။

"လောင်းကစားဝိုင်းက လုပ်နေတာကြာပြီ။ ကျနော်တို့ဆီကို တိုင်တာတော့ ၂ ခါလောက် ရှိတယ်။ စောင့်ကြည့်တယ်။ ဒီတိုင်းလည်းပဲ အပျင်းပြေဆော့ကြတာလား။ တော်လှန်ရေးကာလလည်းကြာတော့ ရွာထဲကလူတွေအပျင်းပြေရိုက်တာ ပြုတာကို ဘာမှမပြောဘူး။ နောက်ကျတော့ တိုင်စာ ၇ စောင်လောက်ရောက်လာတယ်။ အဲ့ထဲမှာဆိုရင် PDF တွေက လက်နက်၊ စစ်အသုံးအဆောင်ပစ္စည်းတွေ ပေါင်ရိုက်တာမျိုးတွေတိုင်လာတော့ ဖမ်းဆီးလိုက်တာ။"လို့ ပခုက္ကူခရိုင်တော်လှန်ရေးအင်အားစုမှ ရဲဘော်အရှည်ကြီးက ပြောပါတယ်။

အဆိုပါလောင်းကစားဝိုင်းလို လောင်းကစားဝိုင်းတွေ နောက်နောင်မဖြစ်ရအောင်၊ လက်ခံထားတဲ့ ရပ်/ကျေးကာကွယ်ရေးခေါင်းဆောင်တွေနဲ့ ဒိုင်ကိုင်နေသူတွေကို အာမခံချက်ယူခွင့်မပေးဘဲ အချုပ်ချနိုင်အောင်နဲ့ ပြစ်ဒဏ်ကြီးကြီးမားမားချနိုင်အောင်ပါ လုပ်ဆောင်နေပြီး မြိုင်နဲ့ပေါက်နယ်ဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေခံနေရချိန် ဒီလိုလုပ်ဆောင်မှုတွေဟာ မဖြစ်သင့်ဘူးလို့ သူဆက်ပြောပါတယ်။ 

"မြိုင်နယ်၊ ပေါက်နယ်တို့မှာဆိုရင် ခဏခဏတိုင်း လေကြောင်းတိုက်ခိုက်မှု လုပ်ခံရတယ်။ ပြည်သူတွေ သေတယ်။ အဲ့ဒါကြောင့် လူစုလူဝေးမလုပ်ကြနဲ့။ ဗုံးခိုကျင်းတွေတူးကြ။ မြို့နယ်တိုင်း စာတွေထုတ်ကြ ညွှန်ကြတယ်။ အဲလိုအချိန်မှာ ဒီဟာမျိုးလုပ်တယ်ဆိုတာက မဖြစ်သင့်တဲ့အရာပေါ့။"လို့ ရဲဘော်အရှည်ကြီးက ဆိုပါတယ်။

လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးချိန်မှာ ပြည်သူတွေနဲ့အတူ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းမိခဲ့ကာ လက်နက်၊ စစ်အသုံးအဆောင်ပစ္စည်းတွေပေါင်နှံတာမျိုး မတွေ့ခဲ့ရပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ဆိုပြီး အခွင့်ကောင်းယူ လောင်းကစားပြုလုပ်နေတာကြောင့် ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ 

အဆိုပါလောင်းကစားဝိုင်းတွေကို ပခုက္ကူခရိုင်ရှိ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

စာတည်း - ကိုချမ်း 

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူမြို့နယ် # လောင်းကစားဝိုင်း  #ဖမ်းဆီးအရေးယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10