NUG ပညာရေးဝန်ကြီးဌာန ဝေဖန်ခံရပြီးနောက် စာမေးပွဲရလဒ်စစ်ဆေးခြင်းဖောင်ကို အခမဲ့ သတ်မှတ်

NUG ပညာရေးဝန်ကြီးဌာန ဝေဖန်ခံရပြီးနောက် စာမေးပွဲရလဒ်စစ်ဆေးခြင်းဖောင်ကို အခမဲ့ သတ်မှတ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကထုတ်ပေးတဲ့ ၂၀၂၃ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်စာမေးပွဲ အောင်လက်မှတ် မရသူတွေအနေနဲ့ ငွေကျပ် ၃ သောင်းပေးကာ ပြန်လည်စစ်ဆေးဖို့ ဖောင်တင်နိုင်တယ်လို့ ကနဦးထုတ်ပြန်ထားပေမယ့် အဲဒီထုတ်ပြန်ချက်အပေါ် ကျောင်းသားမိဘတွေက ဝေဖန်ခဲ့ကြတဲ့နောက်ပိုင်း အခုအခါ အဆိုပါ ငွေကျပ် ၃ သောင်းကို ပေးစရာမလိုတော့ဘဲ ဖောင်တင်နိုင်ပြီလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ၂၀၂၃ ဖေဖော်ဝါရီကနေ အောက်တိုဘာလထိ ကျင်းပခဲ့တဲ့ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ် စာမေးပွဲအောင်စာရင်းကို ဖြေဆိုပြီး ၁ နှစ်ကျော်အကြာမှာ ထုတ်ပေးနိုင်ခဲ့ပေမယ့် CDM ကျောင်းသား ၆,၀၀၀ ကျော်ကို မသမာမှုစည်းကမ်းချက်နဲ့ ငြိတယ်ဟုဆိုကာ အသိမှတ်ပြုလက်မှတ် မထုတ်ပေးခဲ့ပါဘူး။ 

အဲဒီထဲကမှ စည်းကမ်းချက်နဲ့အညီ ဖြေဆိုထားပေမယ့် အောင်လက်မှတ် မရဘူးတဲ့ကျောင်းသားတွေအနေနဲ့ ဇွန် ၂၅ ရက် နောက်ဆုံးထားကာ အခမဲ့ Complain Form တင်ရမှာဖြစ်တယ်လို့ မေ ၂၅ ရက်က ထုတ်ပြန်တဲ့ "BECA Complaint Form နှင့်ပတ်သက်၍ အများပြည်သူသို့ သတင်းထုတ်ပြန်ချက်" အရ သိရပါတယ်။

ဖောင်တင်ရာမှာ စာမေးပွဲဖြေဆိုစဉ် ကြုံရတဲ့ အခက်အခဲကို ကျောင်းသားကိုယ်တိုင်ရေးထားတဲ့ လျှောက်လွှာ၊ စည်းကမ်းချက်နဲ့ အညီဖြေဆိုတာ မှန်ကန်ကြောင်း တက်ရောက်ခဲ့တဲ့ ကျောင်းရဲ့ထောက်ခံစာ၊ ပညာရေး အဖွဲ့အစည်းရဲ့ ထောက်ခံစာ၊ မိဘရဲ့ ထောက်ခံစာ၊ ကျောင်းသားကိုယ်တိုင်ရဲ့ ထောက်ခံစာစတဲ့ ထောက်ခံချက် တခုခုနဲ့ ဖောင်တင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်ထောက်ခံချက် တင်သွင်းတဲ့ ကျောင်းသားတွေကိုတော့ CDM ကျောင်းသား စစ်မှန်ကြောင်း ပြန်လည် စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြေပြင်မှာတော့ အင်တာနက်လိုင်း အခက်ခဲရှိလို့ အချိန်မီ Complain Form မတင်နိုင်မှာ စိုးရိမ်နေကြတဲ့ ကျောင်းသားတွေလည်း ရှိနေပြီး တချို့ကျောင်းသားတွေကတော့ အချိန်ကာလ ကြာမြင့်သွားတဲ့အတွက် ပညာရေးဘက်ကို စိတ်ဝင်စားမှု လျော့သွားကြပြီလို့ ဆိုပါတယ်။

“တချို့ကျောင်းသားတွေက ကွန်ပလိန်းဖောင် မတင်တော့ဘူး ပြန်ဖြေကြမယ်ဆိုပြီး ပြန်တက်နေကြပြီ။ တချို့ ကျောင်းသားတွေကျ အိမ်ထောင်ကျတာရော တောထဲရောက်သွားတာရော အခက်အခဲတွေ့ကုန်ကြတယ်။ ကျောင်းထွက်နှုန်း တိုးလာတာပေါ့။” လို့ ကျောင်းဆရာတဦးက ပြောပါတယ်။

ကွန်ပလိန်းဖောင်တင်ရာမှာ လူများတဲ့အတွက် စောင့်ဆိုင်းကာ ဖောင်တင်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူ တွေရှိသလို အောင်လက်မှတ်မရတဲ့ ကျောင်းသား၊ ကျောင်းသားတချို့ကလည်း အခုပညာသင်နှစ်မှာ ကျောင်းပြန်တက်နေကြပြီလို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။ 

“လူများလို့ စောင့်လုပ်ပါဆိုလို့ စောင့်နေတုန်းပဲ။ မြေပြင်မှာတော့ တချို့ကလေးတွေ ပြန်ဖြေကြဖို့ တက်နေကြပြီ။” လို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ် စာမေးပွဲကို ၂၀၂၃ ဖေဖော်ဝါရီကနေ ဧပြီလအထိကာလကို ပထမအကြိမ်၊ သြဂုတ်ကနေ အောက်တိုဘာအထိ ကာလကို ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့ပြီး (online/offline) လျှောက်ထားသူ ၇၅,၀၀၀ ရှိတဲ့အနက် ၊ ဘာသာစုံဖြေဆိုသူ ၅၆,၀၀၀ ရှိပြီး၊ online ဖြေဆိုသူ ၁၀,၇၉၂ ဦး လက်မှတ်ရရှိကာ ၆,၁၈၆ ဦးကတော့ စည်းကမ်းချက်နဲ့ မကိုက်ညီတဲ့အတွက် အသိမှတ်ပြု လက်မှတ် မရရှိဘူးလို့ မေ ၁၁ ရက်က ထုတ်ပြန်တဲ့ MOE ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြေပြင်မှာတော့ အထက်တန်းအဆင့် ‌ကျောင်းသားတွေအတွက် စာသင်နှစ်အသစ်က ယခုနှစ် မေ ၂ ရက် ကတည်းက စတင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ပုံစာ - စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက NUG လက်အောက်ခံ စာသင်ကျောင်းတခု။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#အမျိုးသားညီညွတ်ရေးအစိုးရ #ပညာရေးဝန်ကြီးဌာန #အောင်လက်မှတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10