သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ၊ မုံရွာခရိုင်ပြည်ထဲရေးဝန်ကြီးဌာနမှ အမျိုးသား ၁ ဦးနဲ့ ပကဖအဖွဲ့ဝင် အမျိုးသား ၁ ဦးတို့ကို ဇူလိုင် ၁၅ ရက် ဒီနေ့ မနက် ၇ နာရီကျော်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ပစ်သတ်လိုက်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူမှာ NUG ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးနေဦး(ခ)ဦးနေ ၅၄ နှစ်နဲ့ ဘန်စီကျေးရွာက ပကဖအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကုလားတို့ဖြစ်ကြပြီး မုံရွေးရွာတောင်ဘက်ကနေ ဗောဓိတထောင်တောရကျောင်းဘက်ကို ဆိုင်ကယ် ၂ယောက်စီးပြီးသွားချိန် မုံရွေးရွာအနီးမှာ ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကင်းပုန်းဝပ်နေတာနဲ့ သွားတွေ့တာ၊ တယောက်ကိုကျ အဲ့နားလေးမှာ ပစ်သတ်ခဲ့တယ်။ တယောက်ကိုကျ တခြားနေရာဘက်ထိ ခေါ်သွားပြီးမှ ပစ်သတ်ခဲ့တာ၊ အလောင်းကတော့ ၂ ယောက်လုံးပြန်ရတယ်” လို့ မုံရွာအခြေစိုက်အဖွဲ့တခုမှ အမျိုးသမီးရဲဘော်ချယ်က မြေလတ်အသံကို ပြောပါတယ်။
ချောင်းဦးမြို့နယ်၊ ခင်မွန်ဘက်စုံခြံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းမိတဲ့ ဦးကုလားကို ဆိုင်ကယ်ပေါ်မှာ တင်ပစ်သတ်ခဲ့ပြီး ဦးနေဦးကိုတော့ ဘက်စုံခြံအနီးက လယ်ကွင်းပြင်ထဲကိုခေါ်ယူကာ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ကိုနေဦးရဲ့ အလောင်းကို ခင်မွန်ဗောဓိတောရကျောင်းအနီးမှာ ပြန်တွေ့ကာ ကိုကုလားရဲ့ အလောင်းကိုတော့ လယ်ကွင်းထဲမှာ မီးရှို့ခံထားရတဲ့ FZဆိုင်ကယ်နဲ့အတူ ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ဘက်စုံခြံကနေ အင်အား ၃၀ ကျော်ပါတဲ့ အဆိုပါစစ်ကောင်စီတပ်သားတွေဟာ မုံရွာမြို့နယ်ထဲကို စစ်ကြောင်း ထိုးဝင်လာချိန် မုံရွေးကျေးရွာအနီးကို အရောက်မှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ အထက်ပါ အမျိုးသား ၂ဦးကို တွေ့ကာ ဖမ်းဆီးသတ်ဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ကိုနေဦးဟာ NLD ပါတီရဲ့ မုံရွာမြို့၊ အလယ်ရပ် ဥက္ကဌဖြစ်သလို အာဏာသိမ်းပြီးနောက် မုံရွာသပိတ်ကော်မတီဝင် တယောက်အနေနဲ့ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံထားရပြီး မကြာသေးခင်ကမှ အကျဉ်းထောင်က ပြန်လွတ်မြောက်လာသူဖြစ်ပါတယ်။
ဒါ့အပြင် ကိုနေဦးရဲ့ သားဖြစ်သူ ထင်ရှားပြည့်လျံဦးမှာလည်း ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လတုန်းက ကနီနယ်တိုက်ပွဲတခုမှာ ကျဆုံးထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ - ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့် ကိုနေဦိး။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#အမျိုးသားညီညွတ်ရေးအစိုးရ #NUG #မုံရွာ #အမျိုးသား #မုံရွေး #ချောင်းဦးမြို့နယ် #ခင်မွန်
Share Share Share