NUG လက်အောက်ခံ ဝက်လက် PDF သတ်ခဲ့တဲ့ ရဲဘော် ၂ ဦးအတွက် အမှန်တရားရရှိရေး ဆန္ဒပြ

NUG လက်အောက်ခံ ဝက်လက် PDF သတ်ခဲ့တဲ့ ရဲဘော် ၂ ဦးအတွက် အမှန်တရားရရှိရေး ဆန္ဒပြ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လက်အောက်ခံ ဝက်လက်မြို့နယ်တပ်ရင်း(၂)က ဝက်လက်မြို့နယ်ထဲက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗိုလ်ကျားကြီးတပ်ဖွဲ့ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ တနှစ်ပြည့်တဲ့နေ့မှာ သေဆုံးခဲ့သူတွေအတွက် တရားမျှမှုရှိရေးကို ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

တနှစ်ကြာတဲ့အထိ NUG ဘက်က မည်သည့် စုံစမ်းစစ်ဆေးအရေးယူတာမှ မလုပ်ပေးသေးတာကြောင့် တရားမျှတမှုရရှိရေးအတွက် သြဂုတ် ၃၁ ရက် မနေ့က ဝက်လက်မြို့နယ်မှာ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

"ကျွန်မတို့က နစ်နာသူမိသားစုလေ။ ဒီအမှုကို တရားမျှမျှတတပဲ ဖြစ်စေချင်တာပါ။ တရားမျှတမှုဖြစ်အောင် မြန်မြန်ဆောင်ရွက်ပေးပါလို့ NUG အစိုးရကို တောင်းဆိုချင်ပါတယ်"လို့ အဲ့ဒီဖြစ်စဥ်မှာသေဆုံးခဲ့ရသူ ကိုရန်လင်းထွန်းရဲ့ အမျိုးသမီးဖြစ်သူ CDM ကျောင်းဆရာမက ပြောပါတယ်။

၂၀၂၂ သြဂုတ် ၃၁ ရက်က ဝက်လက်နယ်အရှေ့ပိုင်းကို အခြေစိုက်ထားတဲ့ ဗိုလ်ကျားကြီးဒေသခံကာကွယ်ရေး တပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လက်အောက်ခံဝက်လက်မြို့နယ်တပ်ရင်း(၂)က ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့ပါတယ်။

အဲ့ဒီဖြစ်စဥ်မှာ ဗိုလ်ကျားကြီးတပ်ဖွဲ့က ကိုစိုင်းမောင်မောင်နဲ့ ကိုရန်လင်းထွန်းတို့ ၂ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး အလောင်းတွေကိုပါ တပ်ရင်း ၂ က သယ်ဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီပစ်ခတ်မှုမှာ တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီလည်း အပြင်းအထန်ဒဏ်ရာရခဲ့သလို ဗိုလ်ကျားကြီးတပ်ဖွဲ့ဝင်တွေလည်း ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ကိုရန်လင်းထွန်းကျဆုံးခဲ့တဲ့အချိန်မှာ သူ့အမျိုးသမီးဟာ ကိုယ်ဝန်သုံးလနဲ့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

"အဲ့ဒီတုန်းက ကျွန်မ အမျိုးသားသေပြီလို့ သူတို့ပြောလို့ ကျွန်မကိုယ်တိုင် မြေမြှုပ်ပေးရဖို့တောင်းဆိုတာ တောင်ခွင့်မပြုခဲ့ပါဘူး။ နောက်ဆုံးရက်လည်ရက်မှာ မြေပုံကိုကြည့်ချင်တယ်လို့ ပြောတော့လည်း အကြောင်းပြချက်မျိုးစုံနဲ့ လိုက်မပို့ခဲ့ဘူး" လို့ ကိုရန်လင်းထွန်းရဲ့ အမျိုးသမီးဖြစ်သူက ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေက NUG အစိုးရကို ဖြေရှင်းပေးဖို့တောင်းဆိုထားတာဟာ အခုအခါ ၁ နှစ်ပြည့်ပြီဖြစ်ကာ NUG ဘက်ကတော့ ဘာမှ အကြောင်းမပြန်ခဲ့ဘူးလို့ သိရပါတယ်။ 

"ဒီနေ့အထိ  NUG ဘက်က ကျွန်မကို ခေါ်မေးတာ။ ဆက်သွယ်တာမျိုး မရှိခဲ့ပါဘူး" လို့ ကိုရန်လင်းထွန်းရဲ့ အမျိုးသမီးဖြစ်သူက ပြောပါတယ်။

ဒီဖြစ်စဥ်မှာ သေဆုံးခဲ့သူ ကိုစိုင်းမောင်မောင်ကလည်း ၂၀၂၂ အတွင်းမှာ PDF ထောက်ပံ့လို့ဆိုပြီး စစ်တပ်က နေအိမ်ကို မီးရှို့ခံထားရပြီး မိသားစုဝင်တွေက ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လက်အောက်ခံ ဝက်လက်မြို့နယ်တပ်ရင်း(၂)ရဲ့ မတရားပြုမှုတာတွေကို ဒေသခံပြည်သူတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက NUG ထံ အကြိမ်ကြိမ် တိုင်ကြားမှုတွေလုပ်ခဲ့ပေမယ့် ဒီနေ့အထိ တိုင်းကြားမှုတွေကို အရေးယူဆောင်ရွက်ပေးတာမျိုး မရှိသေးပါဘူး။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#အမျိုးသားညီညွတ်ရေးအစိုးရ #NUG #ဝက်လက်မြို့နယ်တပ်ရင်း၂ #ဗိုလ်ကျားကြီးတပ်ဖွဲ့  #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10