⁨ONE Friday Fights 101 မှာ ပါဝင်မယ့် အဲမွီနဲ့ သွေးလင်းထက် နိုင်ပွဲ ဘယ်သူယူလာမလဲ (အားကစားသတင်း)

⁨ONE Friday Fights 101 မှာ ပါဝင်မယ့် အဲမွီနဲ့ သွေးလင်းထက် နိုင်ပွဲ ဘယ်သူယူလာမလဲ (အားကစားသတင်း)

မတ် ၂၁ ရက် ဒီနေ့ညမှာ ကျင်းပသွားမယ့် ONE Friday Fights 101 မှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ အဲမွီနဲ့ သွေးလင်းထက်တို့ပါဝင်မှာဖြစ်ပြီး အဲမွီက အစ္စရေး၊ အမေရိကန်နွယ်ဖွား အဟာဗက်ဂေါ်ဒွန်နဲ့ ထိုးသတ်ရမှာဖြစ်ပြီး သွေးလင်းထက်ကတော့ ထိုင်းဖိုက်တာ ရော့ကီဝေါဝမ်တာဝီနဲ့ ထိုးသတ်သွားမှာဖြစ်ပါတယ်။ 

ဒီနေ့မှာတော့ အဲမွီနဲ့ဂေါ်ဒွန်တို့ဟာ ပွဲစဉ် ၆ မွေထိုင်း ဖလိုင်းဝိတ်တန်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး သွေးလင်းထက်နဲ့ ရော့ကီတို့ကတော့ ပွဲစဉ် ၇ မွေထိုင်း စတောဝိတ်တန်းမှာ ယှဉ်ပြိုင်ထိုးသတ်သွားကြမှာဖြစ်ပါတယ်။ 

အဲမွီနဲ့ထိုးသတ်မယ့်ဂေါ်ဒွန်ဟာ အသက် ၁၈ နှစ်သာရှိသေးပြီး ဒီပွဲဟာ သူ့အတွက် ONE မှာပထမဆုံးထိုးသတ်ရမယ့် ပွဲဖြစ်ပါတယ်။ ဂေါ်ဒွန်ဟာ ONE ကိုမရောက်ခင်က ကစ်ဘောက်ဆင်နဲ့ မွေထိုင်းပွဲတွေကို အခြားသောပြိုင်ပွဲတွေမှာထိုးသတ်ခဲ့ပြီး ဆုတံဆိပ်တွေလည်း ရရှိထားသူပါ။ 

ညာဖြောင့်လက်သီးကိုအားကိုးပြီး ဘယ်ဘော်ဒီ ညာဖြောင့်တွဲလုံး၊ ဘယ်ခြေပြ ညာတံတောင်ရိုက်တွဲလုံးတွေကို လျင်လျင်မြန်မြန်သုံးတတ်တာတွေ့ရပါတယ်။ လူချင်းပူးကပ်ချိန် အောက်ခြေကိုဆွဲချိတ်လှဲချတတ်ပြီး လက်သီးပါဝါလည်းအတန်အသင့်ရှိကာ မာဂုဏ်မြင့်တာကိုလည်းတွေ့ရပါတယ်။ 

အားနည်းချက်အနေနဲ့ကတော့ အမြင့်ကန်ချက်အသုံးပြုတာနည်းပြီး လက်ဝှေ့အိတ်အပြောင်းအလဲ အသားမကျဖြစ်နိုင်ကာ ထိုးသတ်ချိန်မှာ ဘော်ဒီကိုကာကွယ်ဖို့တော့ အားနည်းတာတွေ့ရပါတယ်။ 

အဲမွီကတော့ ပြီးခဲ့တဲ့နိုင်ပွဲမှာ အမှတ်စဉ် ၂ ကြိမ်ရေတွက်ခံရပြီးမှ ပြိုင်ဘက်ကို ချက်ကောင်း ထိထိမိမိ ထိုးမိလိုက်တာကြောင့် အနိုင်ရခဲ့ပါတယ်။ အဲမွီဟာ ဒုတိယပွဲမှာ ရှုံးပွဲကြုံပြီးကတည်းက ပြိုင်ဘက်ကစားသမားကို သေချာလေ့လာတာတွေ့ရပြီး ထိုးသတ်ရာမှာလည်း ရဲရဲဖွင့်ထိုးတတ်တဲ့ ဖိုက်တာကောင်းတယောက် ဖြစ်ပါတယ်။ 

လက်သီးတွဲလုံးအားကောင်းပြီး အောက်ခြေကန်ချက်တွေအသုံးပြုတတ်တဲ့အဲမွီတယောက် ဒီပွဲမှာလည်း ပြိုင်ဘက်ကို ဘယ်လိုထိုးသတ်ရမယ်ဆိုတာ လေ့လာပြီးလောက်ပြီထင်ပါတယ်။

ဒီပွဲမှာ ဖိုက်တာနှစ်ယောက်စလုံး သတ်မှတ်ဝိတ်တန်းဝင်ထားပြီး လူကောင်ချင်းသိပ်မကွာဘဲ တိုက်စစ်ဖွင့်ထိုးကြတဲ့ ဖိုက်တာတွေဖြစ်တာကြောင့် ကြည့်ကောင်းမယ့်ပွဲဖြစ်ပြီး ဖျော်ဖြေမှုအပြည့်ပေးနိုင်ကာ ဘောနပ်စ်ဆုတွေကိုလည်း မျှော်မှန်းနိုင်ပါတယ်။ 

ပွဲစဉ် ၇ မှာ သွေးလင်းထက်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ရော့ကီဟာ ONE ရဲ့မှတ်တမ်းမှာ ၁ ပွဲသာထိုးထားပြီး အလဲထိုးနဲ့အနိုင်ရရှိထားပါတယ်။ ညာဖြောင့်လက်သီးကို အားပြုကစားတာတွေ့ရပြီး အားပါပြင်းထန်တာလည်းတွေ့ရကာ သူ့ရဲ့အလဲထိုးနိုင်ပွဲမှာလည်း အဲ့ဒီလက်သီးချက်ကို ဆက်တိုက်ထိုးသတ်ရင်းနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ 

ဘယ်ဝိုက် ညာဖြောင့်တွဲလုံးကိုအသုံးပြုတာများပြီး ခြေကန်ချက်သိပ်မသုံးဘဲ တိုက်စစ်ဖွင့်ကစားတတ်တဲ့ ဖိုက်တာတဦး ဖြစ်ပါတယ်။ 

အားနည်းချက်ကတော့ ခြေကန်ချက်သိပ်မထွက်တာ၊ ညာတပေါက်ပဲထွက်တာမို့ ထိုးသတ်ပုံကြိုတင်ခန့်မှန်းလို့ရနေတာ၊ သူ့ကိုယ်သူကာကွယ်မှုအားနည်းတာတွေ ရှိပါတယ်။ 

သွေးလင်းထက်ကတော့ ဘယ်ဖိုက်တာလာလာ အကောင်းဆုံးလက်စွမ်းတွေနဲ့ ထိုးသတ်ပြခဲ့ပြီး သူဟာ ONE မှာ အဆင့်တခုရှိတယ်ဆိုတာ ပြသထားတဲ့ကစားသမားတဦးဖြစ်ပါတယ်။ မြန်မာဖိုက်တာတွေထဲမှာ ထိကျပါဝါရှိတဲ့ကစားသမားဖြစ်ပြီး ဘယ်ညာတွဲလုံးတွေကောင်းမွန်တာ၊ အောက်ခြေကန်ချက် အမှတ်မထင်ထုတ်သုံးတတ်တာတွေဟာ သူ့ရဲ့အားသာချက်တွေ ဖြစ်ပါတယ်။ 

ဒီပွဲဟာလည်း  ဖိုက်တာ ၂ ယောက်စလုံးက တိုက်စစ်ဖွင့်ကစားတတ်တာကြောင့် ကြည့်ကောင်းဦးမှာ သေချာပါတယ်။ 

ဒီနေ့ည ONE Friday Fights 101 မှာပါဝင်ယှဉ်ပြိုင်သွားမယ့် မြန်မာဖိုက်တာနှစ်ယောက်မှာ ဘယ်သူနိုင်ပွဲရသွားမလဲဆိုတာ မှတ်ချက်ပေးခဲ့လို့ရပါတယ်။ 

ဓာတ်ပုံ - One Lumpinee FC

#မြေလတ်အသံ 

#အားကစား #ONEFridayFights #အဲမွီ #သွေးလင်းထက် #ဂေါ်ဒွန် #ရော့ကီ⁩

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10