One Friday Fights 81 မှာ စိုးလင်းဦးရော သန့်ဇင်ပါ အရှုံးနဲ့ရင်ဆိုင်ခဲ့ရ (အားကစားသတင်း)

One Friday Fights 81 မှာ စိုးလင်းဦးရော သန့်ဇင်ပါ အရှုံးနဲ့ရင်ဆိုင်ခဲ့ရ (အားကစားသတင်း)

စက်တင်ဘာ ၂၇ ရက် ယနေ့ညမှာယှဉ်ပြိုင်ခဲ့တဲ့ One Friday Fights 81 မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ မြန်မာဖိုက်တာနှစ်ဦးစလုံး ရှုံးနိမ့်ခဲ့ပြီး သန့်ဇင်က တာကေရုကို အလဲထိုးနဲ့ရှုံးနိမ့်ခဲ့သလို စိုးလင်းဦးကတော့ နာဘီလ်ကိုအမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

 

■ ဒုတိယအချီမှာ အလဲထိုးနဲ့ရှုံးနိမ့်တဲ့ သန့်ဇင် 

သန့်ဇင်နဲ့ ပြိုင်ဘက်ကစားသမားတာကေးရုတို့ပွဲဟာ နောက်မဆုတ်တမ်းထိုးသတ်ကြတဲ့ ဖိုက်တာတွေဖြစ်တာနဲ့အညီ ပွဲဟာကြည့်ကောင်းခဲ့ပြီး သန့်ဇင်ရဲ့အစွမ်းအစဘာလဲဆိုတာကို ပြသနိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ 

ပထမအချီကို သန့်ဇင်ဟာ အနိမ့်ကန်ချက်နဲ့ စပါတယ်။ ပွဲဟာအပြိုင်ထိုးရင်း ကြည့်ကောင်းခဲ့သလို သန့်ဇင်ရဲ့ ဘယ်ဝိုက်လက်သီးဟာ တာကေးရုကို အမှတ်စဉ်ရေစေခဲ့ပြီး ဒါဟာ ချတ်ထရီနေရထိုင်ရခက်သွားစေမယ့် ထိုးချက်တချက်လို့ ထင်မိပါတယ်။ ပွဲကြည့်စင်‌ပေါ်က ရော့ထန်တယောက်တောင် ခေါင်းခါခါလည်ခါခါနဲ့ အံ့ဩနေတာကိုလည်း တွေ့လိုက်ရပါတယ်။ ပထမအချီဟာ သန့်ဇင်အသာရပြီး တာကေးရုအတွက်တော့ အခြေအနေ အကဲခတ်နေရင်း အမှတ်စဉ်ရေတွက်ခံလိုက်ရတဲ့ အချီဖြစ်ပါတယ်။ 

ဒုတိယအချီမှာလည်း သန့်ဇင်ဟာ ပွဲကိုထိန်းမကစားဘဲ ဖွင့်ထိုးခဲ့တာကြောင့် သူ့ရဲ့လက်သီးချက်တွေ ထိရောက်ခဲ့ပေမယ့် လူချင်းဆိုင်ထိုးချိန်မှာထွက်လာတဲ့ တာကေးရုရဲ့ ဘယ်ဝိုက်လက်သီးဟာ သန့်ဇင်ခေါင်းကို သေချာထိသွားပါတယ်။ နောက်ထပ် ဆိုင်ထိုးချိန်မှာလည်း ညာဝိုက်လက်သီးထပ်မိခဲ့ပြီး မူးဝေသွားတဲ့သန့်ဇင်ဟာ ရှောင်မထိုးဘဲ ပေထိုးလိုက်တာကလည်း သူ့အတွက်အထိနာစေခဲ့သလို ဘယ်ခြေဦးနဲ့အထိုးခံလိုက်ရချိန်မှာ အမှတ်စဉ်အရေခံလိုက်ရပါတော့တယ်။ နောက်ထပ် ပွဲကိုပြန်စချိန်မှာတော့ တာကေးရုဟာ ဆက်တိုက်လိုက်ထိုးခဲ့ပြီး ပွဲကိုအလဲထိုးအနိုင်ယူ အဆုံးသတ်သွားပါတယ်။

သန့်ဇင်ဟာ ဒီပွဲရှုံးပေမယ့် တာကေးရုကိုအမှတ်စဉ်ရေတွက်စေခဲ့သလို ထောက်လက်သီးတွေ ပင့်လက်သီးတွေနဲ့ အခက်တွေ့အောင်လုပ်နိုင်ခဲ့ပြီး ပရိယာယ်ပိုင်းမကြွယ်ဝသေးတာကြောင့်သာ အလဲထိုးရှုံးနိမ့်ခဲ့ရတာပါ။ ကိုယ်အကျွမ်းမဝင်သေးတဲ့ နည်းစနစ်မှာ ကမ္ဘ့ာအဆင့်ကစားသမားကိုယှဉ်ပြီး အကောင်းဆုံးထိုးသတ်သွားတာကို ချီးကျူးရမှာဖြစ်သလို ဒီအစွမ်းအစတွေဆက်လက်ထိန်းသိမ်းနိုင်ရင် သန့်ဇင်ရဲ့ချန်ပီယံအိပ်မက်တွေ မဝေးတော့ဘူးလို့ ဆိုရမှာပါ။ 

 

■ အချီပြည့်အထိုးခံပြီး အမှတ်နဲ့အရှုံးပေးလိုက်ရတဲ့ စိုးလင်းဦး

ပထမအချီဟာ နာဘီလ်ရဲ့စိတ်ကြိုက်ဖြစ်ခဲ့ပြီး နာဘီလ်ဟာ သူ့ထုံးစံအတိုင်း အကွာအဝေးချိန်ထိုးခဲ့ကာ အောက်ခြေကန်ချက်တွေ၊ အမြင့်ကန်ချက်တွေနဲ့ စိုးကြီးကို ထိန်းကစားသွားပါတယ်။ စိုးကြီးကတော့ နာဘီလ်ကိုထိရောက်အောင်ထိုးနိုင်မယ့် အခြေအနေမျိုးကို ရှာဖွေမတွေ့နိုင်ဘဲ လူချင်းကပ်ရင်လည်း နာဘီလ်ရဲ့ချုပ်ကွက်ထဲမှာပဲ မျောနေပါတယ်။ 

ဒုတိယအချီမှာလည်း နာဘီလ်ကပဲ ပွဲကိုဦးဆောင်ခဲ့ပြီး သူ့စိတ်ကြိုက်တံတောင်ရိုက်ချက်တွေ၊ ဒူးတိုက်ချက်တွေကို ပိုပြီးအသုံးပြုလာပေမယ့် စိုးလင်းဦးကတော့ နာဘီလ်ထိလောက်တဲ့ထိုးချက်ကန်ချက်တွေ အသုံးမပြုနိုင်ခဲ့ပါဘူး။ တတိယအချီမှာလည်း ဒီလိုပါပဲ နာဘီလ်ဟာ သူ့ရဲ့အားသာချက်တွေကို ကောင်းကောင်းအသုံးချသွားပြီး ဒိုင်အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့အတူ သူ့ရဲ့ဦးထုပ်လေးကိုဆောင်းပြီး အောင်ပွဲခံသွားပါတယ်။ 

ဒီပွဲဟာအရပ်အမောင်းကွာဟတာကို မကိုင်တွယ်နိုင်တဲ့စိုးလင်းဦးအတွက် အထိုးခံသက်သက်ပွဲတပွဲလိုဖြစ်ခဲ့ပြီး ONE ရဲ့တသိန်းတန်စာချုပ် အဖွင့်ပွဲမလှခဲ့ဘူးလို့ဆိုရမှာဖြစ်ကာ နောက်ပွဲတွေမှာ ဒီထက်ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေ ပြသဖို့လိုအပ်သွားပါတယ်။ 

Photo - SS From ONE Championship.

#မြေလတ်အသံ

#ONEFridayFights81 #အားကစား #လက်ဝှေ့⁩ #စိုးလင်းဦး #သန့်ဇင် #တာကေးရု #နာဘီလ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10