PDF ဌာနချုပ်ကို အလစ်ဝင်စီးတဲ့ တပ်မ ၉၉ စစ်ကြောင်း ပြန်တိုက်ခိုက်ခံရလို့ ၆ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းက ရွာတရွာမှာရှိတဲ့ Myingyan Black Tiger (MBT) ဌာနချုပ်စခန်းကို အလစ်ဝင်ရောက်စီးနင်းတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့တပ်မ ၉၉ ဘီလူးကွန်မန်ဒို စစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၆ ရက်ကနေ ၁၈ ရက်အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီး မတ်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ MGT ဌာနချုပ်စခန်းကို တပ်မ ၉၉ ဘီးလူးကွန်မန်ဒိုစစ်ကြောင်းက အလစ်ဝင်ရောက်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။


"ဘီးလူးကွန်မန်ဒိုစစ်ကြောင်း အင်အား ၂၀၀ လောက်ရှိတယ်။ ကျ‌နော်တို့ ရဲဘော်တွေ ဒဏ်ရာရတာကြောင့် ဒဏ်ရာရ ရဲဘော်တွေကိုလိုက်ပို့တဲ့အချိန် နေ့လယ် ၁၁ နာရီလောက်မှာ ကျနော်တို့စခန်းကို အလစ်ဝင်တိုက်တာ။ အဲလို ဝင်တိုက်ခံရလို့ ကျနော်တို့ ဌာနချုပ်စခန်းကို စွန့်ခွာပေးခဲ့ရတာ" လို့ ဆက်ပြောပါတယ်။

တပ်မ ၉၉ စစ်ကြောင်းဟာ မတ်လ ၁၈ ရက်မနက်က ငါးရံ့အိုရွာကို မီးရှို့နေချိန် ဒေသကာကွယ်ရေးအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွာထဲက စာသင်ကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ စစ်ကောင်စီဘက် ၆ ယောက်သေဆုံးသလို (MBT) ရဲဘော် ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရယ်စိုးရိမ်ရတယ်လို့ ဗိုလ်မိုက်ခဲဆီက သိရပါတယ်။

မတ်လ ၂၀ ရက် မနက်ပိုင်းအထိ နောက်ဆုံးရထားတဲ့ သတင်းအရ Myingyan Black Tiger(MBT) ဌာနချုပ်ရဲ့ အနောက်ဘက်က ရွာကို စစ်ကောင်စီတပ်က မီးရှို့နေပြီး ငါးရံ့အိုရွာ သင်္ချိုင်းဘက်မှာ စစ်ကြောင်း ၁ ကြောင်း၊ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာပတ်လည်မှာ စစ်ကြောင်း ၃ ကြောင်းနဲ့ တပ်စွဲနေတယ်လို့ သိရပါတယ်။

MBT အဖွဲ့က သူတို့ဌာနချုပ်စခန်းကို မတ်လ ၁၉ ရက်ညနေပိုင်းမှာ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီး စခန်းရဲ့ အနောက်ဘက်။ မြောက်ဘက် နဲ့ တောင်ဘက်တွေမှာ စစ်ကောင်စီစစ်ကြောင်းတွေ ဝိုင်းထားတဲ့ အခြေအနေရှိလို့ နှစ်ဘက်စစ်ရေးတင်းမှုတွေ ရှိနေပါတယ်။

တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10