PDF ထောင်ထားတဲ့ မိုင်းတွေကိုသိမ်းလာချိန် ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး

PDF ထောင်ထားတဲ့ မိုင်းတွေကိုသိမ်းလာချိန် ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေးလမ်းပိုင်း၊ နတ်ရေကန်ကျေးရွာနဲ့ ဂွေးပင်တော ကျေးရွာကြားမှာ မိုင်းရှင်းပြီးပြန်လာတဲ့ စစ်ကောင်စီအဖွဲ့ မိုင်းကွဲပြီး ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၂၇ ရက် မနက် ၉ နာရီကျော်မှာ အိမ်စီးကား ၃ စီး အင်အား ၃၀ ခန့်ပါတဲ့ စစ်ကောင်စီအဖွဲ့ဟာ ဒေသခံကာကွယ်ရေးအဖွဲ့တွေထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းပြီး လိုက်ထရပ်ကားပေါ်တင်လာချိန်မှာ မိုင်းဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

"သူတို့ဘက်က မိုင်းတွေကို ဖြုတ်သိမ်းပြီး ကားပေါ်တွေတင်ပြီးအပြန် သူတို့ဘက်ကသိမ်းသွားတဲ့ မိုင်းတွေထဲမှာ ကျနော်တို့ဘက်က နည်းပညာအရ လုပ်ထားတဲ့မိုင်းတလုံးကို ဖောက်ခွဲခဲ့တာ။ လိုက်ထရပ်ကားပေါ်ပါတဲ့ စကစ အဖွဲ့တွေထိခိုက်သေဆုံးတာရှိတယ်"လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဖီးနစ်ကပြောပါတယ်။

မိုင်းပေါက်ကွဲတာကို မျက်မြင်တွေ့ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်ဆိုတာကို အတည်ပြုနိုင်တာလို့လည်း ကိုဖီးနစ်က ဆက်ပြောပါတယ်။ 

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ချောင်းဦးမြို့နယ်အပိုင် မုံရွာ-မန္တလေးလမ်းပိုင်းမှာ PDF တွေထောင်ထားတဲ့ လက်လုပ်မိုင်း ၄၉ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီတပ်သားတွေက မုံရွာ-မန္တလေးလမ်းပိုင်းကို စစ်ရေးအရ အသုံးပြုတာများတာကြောင့် သူတို့ကိုတိုက်ခိုက်ဖို့အတွက် မိုင်းတွေဆင်ထားပြီး အဆိုပါလမ်းပိုင်းကို ပြည်သူတွေ မသွားလာဖို့ ဖေဖော်ဝါရီလ ၂၃ ရက်ကတည်းကစပြီး ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။ 

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်မှာလည်း ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးမှာ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းထိပြီး  ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #မုံရွာ #စစ်ကောင်စီ #မိုင်းရှင်း #ပေါက်ကွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10