PDF ကိုခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူးသတ်ခံရပြီးနောက် အနီးဝန်းကျင်က အုပ်ချုပ်ရေးမှူးတွေပါထွက်ပြေး

PDF ကိုခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူးသတ်ခံရပြီးနောက် အနီးဝန်းကျင်က အုပ်ချုပ်ရေးမှူးတွေပါထွက်ပြေး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆည်တော်ကျေးရွာက အုပ်ချုပ်ရေးမှူး နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီလောက်မှာအသတ်ခံရတယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း ဆီက သိရပါတယ်။

အသက် ၅၀ နှစ် အရွယ် ကိုဌေးဝင်းဆိုသူကို ဆည်တော်ရွာက သူ့နေအိမ်မှာရှိနေချိန် မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း တပ်ဖွဲ့ဝင်တွေကသတ်ခဲ့တာလို့ ဆိုပါတယ်။ 

“သူ့ကို စစ်ဆေးမေးမြန်းပြီးမှ ရှင်းလင်းခဲ့တာပါ၊ သူ့ရဲ့နေအိမ်မှာပဲ ရှင်းလင်းခဲ့တာ။” လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း တာဝန်ခံက ပြောပါတယ်။

အသတ်ခံရသူဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းကိစ္စတွေ၊ ပျူစောထီးသင်တန်း‌ပေးကိစ္စတွေမှာလည်း သူကိုယ်တိုင်ပါဝင်ပြီး ဒေသခံတွေကိုလည်း ခြိမ်းခြောက်တာတွေရှိတယ်လို့ ဆိုပါတယ်။ 

“သူက စစ်ကောင်စီအာဏာသိမ်းပြီးမှ အုပ်ချုပ်ရေးမှူးဖြစ်တာ။ အရင်တုန်းက ပြည်သူ့စစ်တွေ ပျူစောထီး‌တွေ သင်တန်းပေးတဲ့အထဲမှာလည်း သူပါတယ်။ သူလည်းသင်တန်းတက်တယ်။ ထွက်ပြေး တိမ်းရှောင်ရတဲ့ ပြည်သူတွေကိုလက်မခံဖို့ကိုလည်း ရွာတိုင်းကိုသူက လိုက်ပြောပါတယ်။ စစ်မှုထမ်းဖို့အတွက် ထောက်ပံ့ဖို့ ၁ အိမ်ကို ၅ သောင်းမဖြစ်မနေပေးရမယ်ဆိုပြီး တောင်းတယ်။” လို့ တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကိုလည်း စစ်ကြောင်းနဲ့အတူလာမယ်ဆိုကာ  ခြိမ်းခြောက်ပြောဆိုတာတွေရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

“သူမသေခင် နိုဝင်ဘာ ၁၈ ရက်လောက်က ကျနော်တို့ page ကိုလာပြီးခြိမ်း‌ခြောက်တယ်။ သူ ခြိမ်းခြောက်တဲ့အချိန်က စစ်ကောင်စီစစ်ကြောင်း ဝင်နေတဲ့အချိန်ပါ။ ကျနော်တို့တပ်စွဲထားတဲ့ နေရာက ဖယ်ပေးလို့ ပြောတာ။ လမ်းပြလုပ်ပြီး ကျနော်တို့ဆီ စစ်ကြောင်းနဲ့အတူ လာခဲ့မယ်လို့ပြောတာ။ ငါ့အကြောင်းကို သိစေရမယ်ဆိုပြီးခြိမ်းခြောက်တာ။” လို့ ဆိုပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လကလည်း အုပ်ချုပ်ရေးမှူးဦးဌေးဝင်းရဲ့ သတင်းပေးတိုင်ကြားမှုကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး အသတ်ခံခဲ့ရသေးတယ်လို့ ဆိုပါတယ်။ 

“ရဲဘော် ၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့အတွက် သူက စစ်ကောင်စီကို သတင်းပေးခဲ့တယ်။ ရက်ရက်စက်စက် မြကျိုင်းတောင်ပေါ်ကနေ ရဲဘော်ရဲ့လည်ပင်းကို ကြိုးနဲ့စွပ်ပြီးတော့ ဆိုင်ကယ်နဲ့ ဒရွတ်တိုက်ဆွဲတာ။ နောက်ပြီးတော့ ဆည်တော်သုဿန်မှာ ကြိုးနဲ့ဇောက်ထိုးဆွဲပြီး မီးနဲ့မြှိုက်အသတ်ခံရပြီး သူ့ရှေ့မှာပဲသေဆုံးသွားတာ။" လို့ ပြောပါတယ်။ 

ဦးဌေးဝင်းကို သတ်ပြီးနောက်မှာ သူ့ဆီကနေ လက်လုပ်သေနက်အတို ၁ လက်၊ ကျည်တချို့၊ ဖုန်း ၃ လုံး၊ ဓါး ၁ ချောင်းအပါ ပစ္စည်းတချို့ကို သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။ 

အလောင်းကိုတော့ စစ်ကောင်စီအဖွဲ့က ရေလမ်းကနေ လှေနဲ့ မဲဇလီရွာဘက်ကို သယ်သွားတယ်လို့ သိရပါတယ်။

ခုလိုအသတ်ခံရပြီးနောက် ပွင့်ဖြူမြို့၊ စံပြရွာ အုပ်ချုပ်ရေးမှူးနဲ့ ကံသာကြီးရွာအုပ်ချုပ်ရေးမှူးတို့လည်း နိုဝင်ဘာ ၂၈ ရက်မနေ့ကစပြီး နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #အုပ်ချုပ်ရေးမှူး #ရှင်းလင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10