PDF ကိုဖမ်းမယ်လို့ ကြွေးကြော်တဲ့ စစ်တပ်သတင်းပေး ရှင်းလင်းခံရ

PDF ကိုဖမ်းမယ်လို့ ကြွေးကြော်တဲ့ စစ်တပ်သတင်းပေး ရှင်းလင်းခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ မန်းကျည်းရိုးရွာက စစ်တပ်သတင်းပေး အမျိုးသားတဦး မေလ ၂၈ ရက် မနေ့ညပိုင်းမှာ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။ 

အသက် ၄၅ နှစ်အရွယ် ကိုစိန်ဦးဟာ စစ်ကောင်စီနဲ့ ပူးပေါင်းကာ သတင်းပေးတာတွေလုပ်သလို “PDF တွေကို အသေမလိုချင်ဘူး၊ အရှင်ဖမ်းမယ်” ဆိုပြီးလည်း ကြွေးကြော်ထားသူဖြစ်တဲ့အတွက် သူ့ကို မနေ့ည ၁၁ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ မကွေးခရိုင် အမှတ် - ၂ တပ်ရင်း၊ တပ်ခွဲ ၁ People's Defence Force Yenangyaung တာဝန်ရှိသူက ပြောပါတယ်။ 

“အဓိကကတော့ ရွာထဲမှာ လူစွာပေါ့ဗျာ။ စစ်တပ်နဲ့ပေါင်းပြီး ရေနံထုတ်တယ် ရေနံခိုးတယ်၊ ပျူတပိုင်း ဖြစ်နေတာပေါ့။ သူ့အိမ်ထဲဝင်ပြီး ရှင်းခဲ့တာ၊ ကျန်တဲ့ ၂ ယောက်က လွတ်သွားတယ်၊ နားထင်တည့်တည့်ကို ပစ်ခဲ့တာ” လို့ အတည်ပြု ပြောပါတယ်။

ကိုစိန်ဦးကို ပစ်ခတ်ချိန်မှာ သူနဲ့အတူရှိနေတဲ့ နောက်ထပ် စစ်တပ်သတင်းလို့ယူဆရသူ အမျိုးသား ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှုကြောင့် ကိုစိန်ဌေးမှာ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး အလောင်းကိုတော့ စစ်ကောင်စီတပ်သားတွေက လူနာတင်ကားနဲ့သယ်ကာ ရေနံချောင်းမြို့ပေါ်မှာပဲ သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ မေလ ၇ ရက်ကလည်း ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွအုပ်စု၊ မုန်ကန်ကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရွှေနဲ့ ပျူစောထီးအဖွဲ့ဝင် ဦးခင်မောင်မြင့်တို့ကို မုန်ကန်ရွာအုပ်ချုပ်ရေးမှူးနေအိမ်မှာ မကွေးခရိုင် အမှတ် - ၂ တပ်ရင်း၊ တပ်ခွဲ ၁ People's Defence Force Yenangyaung အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ဦးစလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

#မြေလတ်အသံ 

#မကွေး #ရေနံချောင်း #မန်းကျည်းရိုးရွာ #စစ်တပ်သတင်းပေး #ရှင်းလင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10