သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက်ပြီး စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်ကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တိုးမြှင့်ပေးပြီး စစ်ဦးစီးအရာရှိချုပ်(ကြည်း) အဖြစ်ခန့်အပ်လိုက်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
ဗိုလ်ချုပ် သန်းထိုက်ဟာ ၂၀၂၂ ခုနှစ် အတွင်း နမခတိုင်းမှူးအဖြစ်စတင်တာဝန်ယူခဲ့ပြီးနောက် ၃ နှစ်ခန့်အကြာမှာ ရာထူးတိုးမြှင့်ခံခဲ့ရတာဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မကြာခဏလူချိန်းပြောင်းလုပ်ဆောင်မှုတွေမှာ မပါရှိခဲ့တဲ့ သက်တမ်းရှည်တိုင်းမှူးတဦးလည်း ဖြစ်ပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့ မုံရွာမြို့အပါအဝင် စစ်ကိုင်းတိုင်းတခုလုံးနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေစိုးမိုး ထိန်းချုပ်ထားနိုင်ပြီး ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
DSA အပတ်စဥ် ၃၈ ဆင်း ဗိုလ်ချုပ် သန်းထိုက် ဟာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ နေအိမ်မီးရှို့ဖျက်ဆီးမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေအတွက် အဓိကတာဝန်ရှိသူတဦးလည်း ဖြစ်ပါတယ်။
လစ်လပ်သွားတဲ့ နမခစစ်တိုင်းမှူးနေရာကို သပိတ်ကျင်းအခြေစိုက် တတက ၁၃ လေ့ကျင့်ရေးကျောင်းအုပ် အလုပ်သင်ဗိုလ်အပတ်စဥ် ၂၆ ဆင်း ဗိုလ်မှူးချုပ် မျိုးမင်းထွေး ရောက်ရှိလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့နံပါတ် ၃ ထိပ်ပိုင်းရာထူးဖြစ်တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ရာထူးကဖယ်ရှားခံခဲ့ရပြီး ၎င်းကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်တယ်လို့ စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ယခင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို စစ်ကောင်စီဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ပြောင်းရွှေ့ခန့်အပ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။
လစ်လပ်သွားတဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ)နေရာကို စစ်ခေါင်းဆောင်နဲ့နီးကပ်သူ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နဲ့ စစ်ထောက်ချုပ်ရာထူး ပူးတွဲရယူထားတဲ့ DSA ၃၅ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း ကို ခန့်အပ်လိုက်ပါတယ်။
အဲ့ဒီလစ်လပ်သွားတဲ့ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နေရာကို နမခ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က ရာထူးတိုးနဲ့ နေပြည်တော်ကိုရောက်ရှိသွားတာပါ။
ရခိုင်ပြည်နယ်စစ်ဆင်ရေးတွေကို ကွပ်ကဲနေတဲ့ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်လွှတ်လိုက်ရပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်က ထိပ်ပိုင်းဗိုလ်ချုပ်ကြီး ၂ ဦးကို စစ်ဘက်ရာထူးတွေကနေ ဖယ်ရှားခဲ့တာလည်း ဖြစ်ပါတယ်။
#မြေလတ်အသံ
#စစ်ကောင်စီ #ရာထူး #ဗိုလ်ချုပ် #ဒုတိယဗိုလ်ချုပ်ကြီး #ကာကွယ်ရေးဝန်ကြီး
Share Share Share