PDF က ပျူစောထီး ၄ ဦးကိုရှင်းပြီး လက်နက်တွေပါသိမ်းနိုင်ခဲ့

PDF က ပျူစောထီး ၄ ဦးကိုရှင်းပြီး လက်နက်တွေပါသိမ်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူစောထီးအဖွဲ့ဝင် ၄ ဦးကို PDF တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းကာ လက်နက် ၄ လက်နဲ့အတူ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD က ဇွန်လ ၂၁ ရက် မနေ့ကထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၀ ရက် နေ့လယ် ၃ နာရီကျော်မှာ မြင်းစီး(ပျူ)ကျေးရွာက လက်နက်တွေကိုင်ဆောင်ထားတဲ့ ပျူစောထီး ၄ ဦးဟာ မြင်းစီးရွာနဲ့ ဆင်အင်းကျေးရွာအကြားမှာ ကင်းပုန်းဝပ်နေချိန် ရွှေဘိုခရိုင် တပ်ရင်း (၄) နဲ့ ဆင်အင်းရွာ(ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

"ရွာနှစ်ရွာကြားက ကားလမ်းမဘေးမှာ ပျူ ၄ ကောင်က ကင်းဝပ်နေကြတာပေါ့။ အဲဒီအချိန်မှာ ကျနော်တို့အဖွဲ့တွေက ခြုံခိုတိုက်ခိုက်လိုက်တာ။ နေရာမှာတင် ၄ ကောင်စလုံးသေသွားတယ်။ ကျန်တဲ့အသေးစိတ်တွေကိုတော့ စစ်သတင်း လုံခြုံရေးအရ ပြောလို့မရဘူး။ MOD ထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ"လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ပျူစောထီး ၄ ဦးဆီကနေ ကာဘိုင် (၃) လက်၊ AK - 47 (၁) လက်၊ ကျည် (၂၉၆) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ ကျည်ဘောက်(၄) ခုနဲ့ ချပ်ဝတ်တန်ဆာ (၄) ခုတို့ သိမ်းဆည်းရရှိခဲ့ကာ ရဲဘော်တွေအနေနဲ့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ MOD က ထုတ်ပြန် ဖော်ပြထားပါတယ်။ 

 

ပုံ - အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD။ 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #PDF #ရှင်းလင်း #ပျူစောထီး #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10