PDF က မန္တလေးလုပ်ငန်းရှင်တွေကို ဆက်ကြေးပေးဖို့ ခြိမ်းခြောက်စာတွေပို့နေတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

PDF က မန္တလေးလုပ်ငန်းရှင်တွေကို ဆက်ကြေးပေးဖို့ ခြိမ်းခြောက်စာတွေပို့နေတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

မန္တလေး PDF က မန္တလေးက လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ၊ အသင်းအဖွဲ့တွေကို ဆက်ကြေးပေးဖို့နဲ့ တောင်းတဲ့အတိုင်းမပေးရင် အသက်ကိုရန်ရှာလုပ်ကြံမှာဖြစ်ကြောင်း viber ကနေတဆင့် ခြိမ်းခြောက်စာပို့နေတယ်ဆိုတဲ့ သတင်းအမှားပျံ့နှံ့ခဲ့ပါတယ်။

 

" Pdf ဆိုတာ သူခိုး ဒမြ တွေပဲ ဖြစ်လာခဲ့တယ် မဟုတ်လား အကြမ်းဖက် PDF တွေဟာ ပြည်သူတွေ အ ပေါ်မှာ အနိုင်ကျင့်ပြီး ခိုးဆိုးလုနှိုက် ဓားပြတိုက်တာကိုလုပ်နေတာကနေ ရောင့်တက်လာပြီး အခုဆိုရင် ခြိမ်းခြောက်ငွေညှစ်တဲ့အထိကို လုပ်လာနေကြပြီ (မူရင်းရေးသားချက်အတိုင်း)” ဆိုကာ  စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ Subscribers ၁၈၇,၃၀၀ ကျော်ရှိ Kyaw Swar တယ်လီဂရမ်ချန်နယ်မှ စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီ ၈ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁ ရက် ဒီကနေ့ ညနေပိုင်း အထိ Views ၃၉၈၀၀ ကျော်၊ Reaction ၇၄၅ ခုနဲ့ Comments ၃၀ ခုရှိခဲ့တာ ဖြစ်ပါတယ်။

သတင်းမှားဖော်ပြမှု မူရင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

https://archive.md/10YQS

 

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ မူရင်း ပကတိအကြောင်းအရာနဲ့ လွဲမှားဖော်ပြထားတဲ့ သတင်းတု၊ သတင်းမှားဖြစ်ကြောင်း စိစစ်တွေ့ ရှိခဲ့ရပါ တယ်။

 

သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက်

သတင်းမှားဖော်ပြမှုမှာ အသုံးပြုထားတဲ့ Screen Shot ပုံပါ Facebook အကောင့်အား Facebook Search Bar တွင် “Myat Moe Hein Khaing” ဟု ရှာဖွေကြည့်ရာ ၎င်းဖော်ပြထားတဲ့အကြောင်းအရာမှာ မန္တလေးအခြေစိုက် MFP သတင်းဌာနမှ အကြောင်းအရာကို ကူးယူဖော်ပြထားခြင်းဖြစ်ပြီး မူရင်း သတင်းခေါင်းစဉ်မှာ "မန္တလေးက စီးပွားရေးလုပ်ငန်းရှင် အများအပြားထံ PDF နာမည်နဲ့ စာပို့ခြိမ်း ခြောက်ငွေညှစ်နေ၊ လုပ်ငန်းရှင်တွေရဲ့ ဖုန်းနံပါတ်စာရင်း ရထားသူတွေက PDF နာမည်သုံးပြီး ငွေညှစ်တာ ဖြစ်နိုင်ဟုဆို" ဆိုတဲ့ သတင်းဖြစ်ပါတယ်။

သို့သော် Kyaw Swar တယ်လီဂရမ်ချန်နယ်က ဖော်ပြတဲ့ Screen Shot မှာတော့ "မန္တလေးက စီးပွားရေးလုပ်ငန်းရှင် အများအပြားထံ PDF နာမည်နဲ့ စာပို့ခြိမ်းခြောက် ငွေညှစ်နေ" ဆိုတဲ့ သတင်းခေါင်းစဉ်ရဲ့ ပထမအပိုင်းကိုသာ ပိုင်းဖြတ်ဖော်ပြထားတာပါ။

အဆိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေမှာတော့ PDF အယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

လုပ်ငန်းရှင်တွေရဲ့ ဖုန်းနံပတ်စာရင်း ရထားသူတွေက PDF နာမည်သုံးပြီး ငွေညှစ်တာ ဖြစ်နိုင်ကြောင်း MFP မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

PDF အယောင်ဆောင်ပြီး မန္တလေးကလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ငွေတောင်းမှုတွေရှိနေကြောင်း မြေလတ်အသံ မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

သတိပေးထုတ်ပြန်ချက်ရဲ့ လက်မှတ်ရေးထိုးတဲ့နေရာမှာတော့ “ခရိုင်ရေးထောက်တာဝန်ခံ” ဆိုကာ ရာထူး တာဝန်ရေးသားပြီး လက်မှတ်ရေးထိုးထားတာကို တွေ့ရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ရေးတာဝန်ခံ၊ ထောက်ပို့တာဝန်ခံ စတဲ့ တာဝန်တွေခန့်အပ်ကာ တပ်ဖွဲ့တွေမှာ ဆောင်ရွက်နေကြပေမယ့် ရေးထောက်တာဝန်ခံဆိုတဲ့ အသုံးအနှုန်းမျိုး အသုံးပြုလေ့မရှိတာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်မှာ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် (ဦး/ရေး/ထောက်) ဆိုကာ ကဏ္ဍ ၃ ခုခွဲပြီး စစ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေဆောင်ရွက်ကြပြီး တပ်ရေးဗိုလ်ကြီး၊ တပ်ထောက်ဗိုလ်ကြီး၊ စစ်ဦးစီးဗိုလ်ကြီး အစရှိသဖြင့် ရာထူးတာဝန်တွေလည်း ခန့်အပ်ထားမှုရှိတာကြောင့် “ရေးထောက်တာဝန်ခံ” ဆိုတဲ့ အရေးအသားဟာ စစ်ကောင်စီတပ်ဘက်က အသုံးအနှုန်းနဲ့သာ ပိုမိုနီးစပ်ကြောင်း စစ်ကောင်စီ တပ်မှာ ၁၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်မတော်သားတဦးက ပြောပါတယ်။ 

ဒါ့အပြင် အလားတူဖြစ်ရပ်မျိုးနဲ့ ခြိမ်းခြောက်ငွေညှစ် တောင်းခံနေမှုများရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်သတိပေးထားပါသေးတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ ရက်စွဲပါ မသမာသူများက PDFအမည်သုံး၍ ဆက်ကြေးတောင်းသည့်စာများ ဖြန့်ဝေနေမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသိပေးထုတ်ပြန်ချက် - ထုတ်ပြန်ချက် ကြည့်ရန်

 

သတင်းအမှားဖြန့်ဝေနေတဲ့အကောင့်အား စိစစ်ချက်

သတင်းအမှားဖြန့်ဝေနေတဲ့ Kyaw Swar တယ်လီဂရန်ကို စိစစ်ကြည့်ရာမှာ သတင်းအမှားများနဲ့ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တခုဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 

Kyaw Swar တယ်လီဂရန်ချန်နယ်ဟာ ယခင်ကလည်း သတင်းတု သတင်းမှာတွေကို ဖြန့်ဝေခဲ့ဖူးပြီး Myanmar Fact-checking Network - MFCN က သတင်းစိစစ်ချက်ပြုလုပ်ခဲ့တာကိုလည်း အောက်ပါလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

Myanmar Fact-checking Network - MFCN မှ သတင်းစိစစ်ချက် - သတင်းစိစစ်ချက် ကြည့်ရန်

Kyaw Swar တယ်လီဂရန်ချန်နယ် - https://archive.ph/VqTZy

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ သတင်းတု၊ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ အုပ်စုဖွဲ့ထုတ်လွှင့်နေပြီး စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ တော်လှန်ရေးရဲဘော်တွေဟာ အကြမ်းဖက်အဖွဲ့အစည်းများသာဖြစ်ကြောင်း၊ ခိုးဆိုးလုယက်သူများ၊ ပြည်သူကိုအနိုင်ကျင့်နေသူများဖြစ်ကြောင်းနဲ့ ဘာသာရေးကို စော်ကားနေသူများဖြစ်ကြောင်း ဖန်တီးရေးသားပြီး တော်လှန်ရေးတပ်ဖွဲ့များအပေါ် လူထု ထောက်ခံအားပေးမှု ကျဆင်းအောင် ဖြန့်ဝေလေ့ ရှိပါတယ်။ 

အခုဖြစ်စဉ်မှာလည်း PDF အယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းခံမှုများရှိကြောင်း သတိပေး ရေးသားထားသည့်သတင်းကို PDF များက ခြိမ်းခြောက်ငွေတောင်းနေကြောင်း မူရင်းပကတိအကြောင်းအရာနှင့် လွဲမှားဖော်ပြထားလို့ နားလည်မှုလွဲစေတဲ့သတင်းတခုသာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူ မယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်များ၊ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန တို့ရဲ့ ထုတ်ပြန်ချက်တွေကိုကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #PDF #ဆက်ကြေး #မန္တလေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10