PDF စခန်းကိုမီးရှို့ရာမှာပါတဲ့ တပ်ကြပ်တဦး ပစ်သတ်ခံရ

PDF စခန်းကိုမီးရှို့ရာမှာပါတဲ့ တပ်ကြပ်တဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့အခြေစိုက် ခလရ ၇၇ တပ်ရင်းက တပ်ကြပ်တဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ တယ်လို့ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 

အသက် ၄၀ အရွယ် တပ်ကြပ်ဖိုးလင်း ဆိုသူကို ဇူလိုင်လ ၂၀ ရက်ညနေ ၅ နာရီလောက်မှာ ရေနံချောင်း ပကဖ အဖွဲ့ဝင်တွေရှိတဲ့နေရာတဝိုက်မှာ ဆိုင်ကယ်စီးလာချိန် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“သူက လိုက်ဖမ်းတဲ့အချိန်မှာ ထွက်ပြေးတာ၊ သူဆိုင်ကယ်စီးလာတာကို တားဖမ်းတယ်၊ အဖမ်းမခံဘဲ ထွက်ပြေးတာ၊ ကျနော်တို့ မိတာ ၅၀ အကွာလောက်ကနေ ပစ်လိုက်တာ၊ ပစ်လိုက်တာမှာ သေနတ် ၃ ချက်မှန်ပြီး သေသွားတာ” လို့ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်စံသျှားက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် တပ်ကြပ်ဖိုးလင်းမှာ နေရာတင်သေဆုံးခဲ့ပြီး အလောင်းကိုတော့ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တွေကပဲ မြေမြုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

တပ်ကြပ်ဖိုးလင်းဟာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့အခါမှာပါဝင်ပြီး ထောက်လှမ်းတာတွေ လုပ်တဲ့အပြင် ရေနံချောင်းမြို့နယ် ပကဖ ရဲ့ ပွိုင့်စခန်းငယ်တခုကိုမီးရှို့ရာမှာလည်း ပါဝင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ ရှေ့ပွိုင့်စခန်း ငယ်တခုကို မီးရှို့တာလည်း သူပါတယ်။ တန်ပြန်ထောက်လှမ်းရေးအနေနဲ့ အရပ်ဝတ်နဲ့ သူကလျှောက်သွားနေတာ၊” လို့ ဗိုလ်စံသျှားက ပြောပါတယ်။ 

တပ်ကြပ်ဖိုးလင်းနဲ့အတူ သတင်းထောက်လှမ်းနေတဲ့ စစ်ကောင်စီဘက်က နောက်ထပ် ထောက်လှမ်းရေး ၂ ဦးလည်း လက်ရှိအချိန်ထိ ရေနံချောင်းမြို့တဝိုက်မှာ ရှိနေသေးတယ်လို့ သိရပါတယ်။ 

ပစ်ခတ်မှုဖြစ်ပြီးနောက် ဇူလိုင် ၂၂ ရက် မနေ့ကအထိ စစ်ကောင်စီတပ်သားတွေက ရေနံချောင်းမြို့ ဝန်းကျင်နဲ့ ခလရ ၇၇ တပ်အနီးတဝိုက်မှာ စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ဗိုလ်စံသျှားက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကလည်း ရေနံချောင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်မှာနေထိုင်တဲ့ စစ်တပ် ထောက်ခံသူ ကိုသန်းဌေးကို ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ တယ်လို့ သိရပါတယ်။

ပုံစာ - ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #ရေနံချောင်း #တပ်ကြပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10