PDF စခန်းကိုဝင်စီးတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်ထပ်၊ ဇီးတော ၊သဲတောရွာတွေဘက်မှာ PDF စခန်းဝင်စီးပြီး ကျေးရွာဒေသခံပိုင်ပစ္စည်းတွေယူပြန်လာတဲ့ စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရလို့ ၃၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ Southern YSO PDF ထံက သိရပါတယ်။

မေလ ၁၇ ရက်မနက် ၅ နာရီကျော်ခန့်မှာ အင်အား ရေစကြို အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၇ နဲ့ ၂၅၉ တပ်တွေက အင်အား ၃၀၀ ကျော်ဟာ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာနဲ့အဆိုပါ ကျေးရွာ ၃ ရွာကြားရှိ PDF စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

စခန်းဝင်စီးခံရမှာကို ကြိုတင်သတင်းရလို့ အဖွဲ့ဝင်တွေအားလုံးကို နေရာတခုစီကြိုတင်ရွှေ့ထားနိုင်ခဲ့ပြီးနောက် စစ်ကောင်စီအဖွဲ့ဟာ စခန်းအတွင်းကို ရောက်လာခဲ့တယ်လို့ဆိုပါတယ်။

စခန်းအတွင်းရောက်လာတဲ့ စစ်ကောင်စီအဖွဲ့ကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်ချိန် စခန်းနဲ့ မိုင်းကွင်းထဲကို လက်နက်ကြီးတွေကျရောက်ပေါက်ကွဲလို့ စစ်ကောင်စီအဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ မနက် ၇ နာခန့်မှာ ဇီးတောကျေးရွာကနေ ပြည်သူပစ္စည်းတွေကို ယူပြီးပြန်လာတဲ့ အင်အား ၁၀ ဦးပါ စစ်ကောင်စီအဖွဲ့ကို ဇီးတောကျေးရွာအထွက်မှာ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးစလုံးသေဆုံးပြီး သေနတ် ၉ လက်နဲ့ကျည်မျိုးစုံဆက်စပ်ပစ္စည်းတွေပါ ရလာတယ်လို့ သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီအဖွဲ့တွေဟာ ကျေးရွာတွေကနေ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့တွေဟာ  ဇီးတောကျေးရွာနဲ့ ကျောက်ထပ်ကျေးရွာကို ဝင်ရောက်ချိန် မီးရှို့ခဲ့လို့အိမ်ခြေ ၈၀ ကျော်မီးလောင်ပျက်စီးသွားသလို ကျောက်ထပ်ကျေးရွာကို ဝင်ရောက်ချိန် ပစ်ခတ်လို့ အမျိုးသမီးတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာက ဒေသခံတစ်ထောင်ကျော်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအချိန်မှာ ဒေသခံအနည်းစုလောက်သာ ကျေးရွာတွေထဲကို ပြန်ဝင်နေကြရပါတယ်။

ဧပြီလ ၆ ရက်နေ့က ရေစကြိုမြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ် ပခုက္ကူနည်းပညာတက္ကသိုလ်နဲ့ ပန်းဒိုင်ခြုံကျေးရွာအကြား ပခုက္ကူ -ရေစကြို ကားလမ်းပေါ်မှာ လက်နက်ခဲယမ်းတွေ သယ်လာတဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ကားတွေပစ်ခံရပြီး စစ်ကောင်စီအဖွဲ့ဝင်တွေအပါအဝင် ၇ ဦးသေဆုံးသွားတယ် သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရေစ​ကြို #စစ်အုပ်စု #တပ်မ၁၀၁ #PDFစခန်းကိုဝင်စီး #တိုက်ခိုက်ခံရ #ထိခိုက်  #ဒေသခံတစ်ထောင်ကျော် #ထွက်ပြေးတိမ်းရှောင် #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10