PDF စခန်းကိုတိုက်ခိုက်ဖို့လာတဲ့ စစ်တပ် ခြုံခိုတိုက်ခံရလို့ ဆုတ်ခွာထွက်ပြေး

PDF စခန်းကိုတိုက်ခိုက်ဖို့လာတဲ့ စစ်တပ် ခြုံခိုတိုက်ခံရလို့ ဆုတ်ခွာထွက်ပြေး

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေရှိတဲ့နေရာကို ဇွန် ၃၀ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ဖို့လာရောက်ရာမှာ လမ်းတဝက်က ခြုံခိုတိုက်ခိုက်ခံလိုက်ရပြီး ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ 

 

ဆုတ်ခွာထွက်ပြေးသွားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ယာကြီးပြင်အထိုင်စခန်းကဖြစ်ပြီး ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်နဲ့ ဇွန် ၃၀ မနက် ၁၁ နာရီအချိန်မှာ အန်ကိုင်းကျေးရွာနားမှာရှိတဲ့ PDF စခန်းကို လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

 

"စစ်ကြောင်းလာတာကို ကြိုသိပြီးတော့ လမ်းကနေ အသင့်စောင့်ပြီး လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ဖြတ်တိုက်တာ။ အသင့်ထောင်ထားတဲ့ မိုင်းတွေကိုလည်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ ထိခိုက်၊ သေဆုံးစာရင်းတော့ မသိရဘူး" လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(P.U. G.F)မှ ရဲဘော်ရီလာ(Riller)က ပြောပါတယ်။

 

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက အချိန် ၁ နာရီကျော်ကြာ ခုခံတိုက်ခိုက်နိုင်ခဲ့တာကြောင့် အန်ကိုင်းကျေးရွာထဲကို မဝင်ရောက်နိုင်ခဲ့ဘဲ စစ်ကောင်စီစစ်ကြောင်းဟာ လာလမ်းအတိုင်း ပြန်လည် ဆုတ်ခွာသွားတယ်လို့ သူကဆက်ပြောပါတယ်။

 

ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (P.U.G.F)နဲ့ ညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ Pauk Based On Revolution Force (ဗိုလ်တစ္ဆေအဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း(၁) (တပ်ခွဲ ၃) (တပ်ခွဲ ၄)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း PDF မှရဲဘော်တွေအထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကင်းအားနည်းချက်၊ သတင်းအချက် အလက်ရရှိမှုနောက်ကျခဲ့တာတွေကြောင့် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာမှာရှိတဲ့ ငါန်းဇွန်ပကဖစခန်း တခုစီးနင်း မီးရှို့ခံခဲ့ရသလို စမွန်းကျေးရွာမှာ သိုဝှက်ထားတဲ့ PDFတွေရဲ့ ကားအပါအဝင် လက်နက်မျိုးစုံတို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက သိမ်းဆည်းခဲ့ပါသေးတယ်။ အလားတူ စစ်ကိုင်းမြို့နယ်အတွင်းက တလှိုင်းကျေးရွာ အနီးမှာလည်း PDF တပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံးခဲ့ရပါသေးတယ်။ 

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#မကွေးတိုင်း #ပေါက်မြို့နယ်တောင်ပိုင်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #PDF #စစ်ကောင်စီ #ထွက်ပြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10