PDF စခန်းဝင်စီးတဲ့စစ်ကြောင်း မိုင်းကွင်းမိ၊ ခြုံခိုတိုက်ခိုက်ခံရပြီး ၂၀ ကျော်သေ

PDF စခန်းဝင်စီးတဲ့စစ်ကြောင်း မိုင်းကွင်းမိ၊ ခြုံခိုတိုက်ခိုက်ခံရပြီး ၂၀ ကျော်သေ

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာတွေဘက်မှာ PDF စခန်းဝင်စီး၊ ကျေးရွာဒေသခံပိုင်ပစ္စည်းတွေယူပြီး ပြန်လာတဲ့စစ်ကောင်စီအဖွဲ့တွေတိုက်ခိုက်ခံရလို့  ၂၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

မေ ၁၇ ရက် မနက် ၅ နာရီကျော်မှာ အင်အား ၃၀၀ ကျော်ပါတဲ့ ရေစကြိုအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၇ နဲ့ ၂၅၉ တပ်တွေက ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာနဲ့ အဲဒီကျေးရွာ ၃ ရွာကြားမှာရှိတဲ့ PDF စခန်းတခုကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။

" သတင်းအတိအကျရလို့ ကျနော်တို့စခန်းကို ဝင်စီးတာ။ ကျနော်တို့ကလည်း စစ်ကြောင်းလာမယ် သတင်းရလို့ လူတွေကြိုရှောင်ပြီး မိုင်းကွင်းဆင်ထားခဲ့တာ။ သူတို့က စခန်းမိုင်းကွင်းကိုကျော်ပြီး စခန်းထဲရောက်လာတော့ ကိုယ့်စခန်းကို လက်နက်ကြီးနဲ့ ပြန်ပစ်ရတဲ့အခြေအနေဖြစ်သွားတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

စခန်းကိုလက်နက်ကြီးတွေနဲ့ ပြန်ပစ်ချိန် စစ်ကောင်စီအဖွဲ့တွေရောက်နေတဲ့ စခန်းနဲ့ မိုင်းကွင်းထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ စစ်ကောင်စီအဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ မနက် ၇ နာရီခန့်မှာ ဇီးတောကျေးရွာကနေ ပြည်သူတွေရဲ့ပစ္စည်းတွေကို ယူပြီးပြန်လာတဲ့ အင်အား ၁၀ ဦးပါ စစ်ကောင်စီအဖွဲ့ကို ဇီးတောကျေးရွာအထွက်မှာ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးစလုံး သေဆုံးပြီး သေနတ် ၉ လက်ရလာတယ်လို့ သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီအဖွဲ့တွေဟာ ကျေးရွာ ၃ ရွာစလုံးမှာ အင်အားဖြန့်ခွဲပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီအဖွဲ့တွေဟာ  ဇီးတောကျေးရွာကို ဝင်ရောက်ချိန် မီးရှို့ခဲ့လို့ အိမ်ခြေ ၂၀ ကျော် မီးလောင်ပျက်စီး သွားပါတယ်။

ကျောက်ထပ်ကျေးရွာကို ဝင်ရောက်ချိန် ပစ်ခတ်လို့ အမျိုးသမီးတဦးသေဆုံးသွားသလို စစ်ကြောင်းဝင်ချိန် မပြေးနိုင်တဲ့ ကျေးရွာ ၃ ရွာစလုံးက ဒေသခံ ၁၀၀ ကျော်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာက ဒေသခံတထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အဆိုပါကျေးရွာ ၃ ရွာမှာ စစ်ကောင်စီတပ်တွေရှိနေသလို ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ နေရယူထားတာကြောင့် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေထပ် ဖြစ်လာနိုင်မယ့်အခြေအနေမှာ ရှိနေပါတယ်။

ဧပြီ ၆ ရက်က ရေစကြိုမြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ် ပခုက္ကူနည်းပညာတက္ကသိုလ်နဲ့ ပန်းဒိုင်ခြုံကျေးရွာအကြား ပခုက္ကူ-ရေစကြိုကားလမ်းပေါ်မှာ လက်နက်ခဲယမ်းတွေသယ်လာတဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ကားတွေ ပစ်ခံရပြီး စစ်ကောင်စီအဖွဲ့ဝင်တွေအပါအဝင် ၇ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရေစကြိုမြို့နယ် #ကျောက်ထပ် #ဇီးတော #သဲတောရွာ #PDF #စခန်းဝင်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10