PDF စိုးမိုးထားတဲ့ ဝက်လက်မြို့ပေါ်မှာ Non-CDMဝန်ထမ်းတွေ ရိက္ခာပြတ်လပ်

PDF စိုးမိုးထားတဲ့ ဝက်လက်မြို့ပေါ်မှာ Non-CDMဝန်ထမ်းတွေ ရိက္ခာပြတ်လပ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေအများဆုံးစိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက Non-CDMဝန်ထမ်းတွေအနေနဲ့ ရိက္ခာပြတ်လပ်မှုအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဝက်လက်မြို့ပေါ်က Non-CDM ဝန်ထမ်းတွေထံက သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ Non-CDMဝန်ထမ်းတွေအနေနဲ့ ဝက်လက်မြို့ပေါ်ရပ်ကွက် သုံးခုလောက်သာသွားလာနိုင်ပြီး အဲ့ဒီရပ်ကွက်သုံးခုထဲက ဈေးဆိုင်တွေမှာသာ စားသောက်စရာတွေကို ဝယ်ယူစားသုံးနေရခြင်းဖြစ်ရာ အခုအခါမှာ စားစရာရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့လာရတာဖြစ်တယ်လို့ ဝက်လက်မြို့ပေါ်က Non-CDM ဝန်ထမ်းတွေက ဆိုပါတယ်။ 

ဝက်လက်မြို့ပေါ်က အဲ့ဒီရပ်ကွက် ၃ ခုအတွင်းမှာ စားနပ်ရိက္ခာပြတ်လာတဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်တာကိုပါ နောက်တွဲခံစားနေရတယ်လို့ ဆိုပါတယ်။ 

"မြို့ပေါ် သုံးရပ်ကွက်လောက်ပဲ သွားလာလို့ရပြီး စားသောက်ကုန်ကအစ အဲ့ထဲကဝယ်စားနေရလို့ သာမန်ထက်ကို စျေးအရမ်းကြီးတယ်။ ဒီကြားထဲ ပညာရေးရုံးလည်း ဗုံးထုခံရတော့ အကုန်ကျီးလန့်စာစားဖြစ်ပြီး (စကစကို) အကူအညီ တောင်းထားကြတယ်။ ဝက်လက်နယ်ကို ပြန်ထိန်းချုပ်ပေးမယ်လို့တော့ သတင်းကြားတယ်" လို့ ဝက်လက်မြို့ပေါ်က Non-CDM ဝန်ထမ်းတဦးက ပြောပါတယ်။

ဝက်လက်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ Non-CDMဝန်ထမ်းတွေ ဒုက္ခရောက်နေကြောင်း အကူအညီ တောင်းထားတာဖြစ်လို့ စစ်ကောင်စီဘက်က ဝက်လက်မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းပေးမယ်လို့ အကြောင်းပြန်ထားကြောင်း Non-CDM ဝန်ထမ်းတဦးထံက သိရပါတယ်။

ဒါ့အပြင်ဝက်လက်မြို့နယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ရင်းတွေဟာ နယ်မြေထိန်းသိမ်းထားနိုင်တဲ့အခြေအနေ မရှိတာကြောင့် နောက်ထပ် စစ်တပ်တခုနဲ့အစားထိုးပေးဖို့အတွက်ပါ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက တောင်းဆိုထားတာရှိတယ်လို့ Non-CDM ဝန်ထမ်းတဦးက ဆိုပါတယ်။

ဇူလိုင်လ ပထမအပတ်ထဲမှတော့ စစ်ကောင်စီစစ်ကြောင်းတချို့ဟာ ဝက်လက်မြို့နယ်အပါအဝင် တခြားမြိုနယ်တွေထဲက သူတို့ရဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေထောက်ပံ့နိုင်ဖို့အတွက် စစ်ကြောင်းထိုးတာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီကာ မိုးရေထဲထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

ပုံစာ - ဝက်လက်မြို့နယ်အခြေအစိုက် G Z Special Task Force - Wetlet တပ်ဖွဲ့ စစ်ရေးလေ့ကျင့်နေပုံ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ရိက္ခာပြတ် #Non-CDMဝန်ထမ်း #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10