PDF ဆေးတပ်သား Tomboy RPG (ရုပ်သံဆောင်းပါး)

ရွှေဘိုခရိုင် တပ်ရင်း ၁၅ တပ်ဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် RPG ဟာ တောတွင်းစခန်းမှာ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ရင်း အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်နေတဲ့ Tomboy တဦးဖြစ်ပါတယ်။  

၂၀၂၁ စစ်အာဏာမသိမ်းခင်ကသူဟာ ရွှေဘိုတက္ကသိုလ်၊ သမိုင်းမေဂျာ၊ နောက်ဆုံးနှစ်ကျောင်းသူဖြစ်ပြီးဘောလုံးကန်ကောင်းတာကြောင့်  ကျောင်းရဲ့ အမျိုးသမီးလက်ရွေးစင် ဘောလုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ 

သူ့နာမည်အရင်းကတော့ မအင်ကြင်းခိုင် ဖြစ်ပြီး ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ဇာတိဖြစ်ပါတယ်။ မိသားစုထဲမှာ အကြီးဆုံး သမီးဖြစ်တဲ့သူ့မှာ မောင် ၁ ယောက် ရှိပါတယ်။ 

စစ်တပ်က အာဏာသိမ်းချိန်မှာတော့ သူလည်း အများနည်းတူ ဆန္ဒပြသပိတ်တွေမှာ ပါဝင်ခဲ့ပါတယ်။ 

စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုတွေ ကြုံလာရတဲ့အခါမှာတော့ ကျောင်းဆက်မတက်တော့ဘဲ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်ဖို့ရာ မိဘတွေဆီမှာ ခွင့်တောင်းပြီး ၂၀၂၂ မတ် ၇ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ထဲကို ဝင်ရောက်ခဲ့ပါတယ်။

"ကျနော်ကတော့ Final Year History ပေါ့နော်။ နောက်ဆုံးနှစ်ရောက်တာကို ကျောင်းဆက်မတက်ဖြစ်တာကတော့ သမိုင်းရဲ့သင်္ကေတက စင်္ကြာပါ။ စင်္ကြာရဲ့အဓိပ္ပာယ်ကတော့ 'မအအောင်လို့'လို့ အဓိပ္ပာယ်ရပါတယ်။ ကျနော်တို့လောက်မှ နခြေမလည် စကောလောက်မှ စောက်(ဇောက်)မနက်တဲ့သူတွေသင်တဲ့ ပညာရေးဗျာ။ ဘွဲ့မရတော့လည်းဘာဖြစ်လဲ ဟုတ်တယ်မလား။ ကျနော်တို့ မတရားမှန်းသိလို့ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ လက်နက်ကိုင်ဖို့ဆုံးဖြတ်တဲ့အခါမှာ အိမ်ကမိဘတွေကရော ကြည်ကြည်ဖြူဖြူနဲ့ လက်ခံခဲ့တယ်။ တားမြစ်ခြင်း မရှိခဲ့ဘူး။ အစစအရာရာဂရုစိုက်ဖို့နဲ့ တော်လှန်ရေးမှာပြီးဆုံးတဲ့အထိပါဖို့ ကျနော်တို့ဆီက ကတိတောင်းခဲ့တယ်။ အဲ့ဒီလိုနဲ့ တော်လှန်ရေးထဲမှာ ပထမဆုံး၀င်ရောက်ဖြစ်ခဲ့ပါတယ်။"

အဲဒီနောက် အခြေခံစစ်သင်တန်းတက်ပြီး တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ရင်း ညာဖက်လက်ကျိုးခဲ့တာကြောင့် ဆေးတပ်သားအဖြစ် လက်ရှိအချိန်ထိ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ 

အဲဒီလက်ကျိုးခဲ့တာကပဲ နာမည်အရင်း အင်ကြင်းခိုင်ကနေ RPG ဆိုတဲ့ နာမည်အသစ် ရသွားခဲ့တာပါ။  

"RPG လို့ ခေါ်ဖြစ်တာကတော့ ကျနော်က ကွန်မန်ဒိုသင်တန်းဆင်းတဲ့ အပတ်စဥ်မှာ လက်ကျိုးနေတာကြောင့် သူများတွေ ဝါးသေနတ်နဲ့ပစ်နေချိန်မှာ သေနတ်မကိုင်နိုင်ခဲ့တာကြောင့် ကျိုးတဲ့လက်ကို ထုတ်ပြီးတော့ RPG နဲ့ ပစ်တယ်ကွာ ဘာညာနဲ့ အဲတိုင်း ကျနော်က နောက်ပြောရင်းနဲ့ RPG လို့အမည်တွင်သွားတာ။ ကျနော်က ၀ါသနာပါတာကတော့ တိုက်ခိုက်ရေးဘက်မှာ ဝါသနာပါတယ်၊ ဒါပေမယ့် ကျိုးတဲ့လက်က ညာဘက်ဖြစ်နေတော့ တိုက်ခိုက်ရေးမှာ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဒါပေမယ့် တော်လှန်ရေးမှာ ဆက်ပါချင်လို့ရှိရင် ဆေးပညာသင်မှရမယ်၊ ဆေးပညာသင်ပြီးတော့ တပ်ရင်းကရဲဘော်တွေကို ဆေးကုသရင်းနဲ့ ဆေးပညာကို တစိုက်မတ်မတ် သင်ကြားခဲ့ပါတယ်။"

PDF ထဲ ရောက်ပြီးမကြာခင်မှာ သူ့ရဲ့မောင်ဖြစ်သူဟာလည်း သူရှိတဲ့ တပ်ရင်းဆီလိုက်လာပြီး ဆေးပညာသင်ယူခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်အလယ်လောက်မှာ ဝက်လက်အရှေ့ခြမ်းတနေရာမှာ သူ့မောင်ဟာ အရာရှိသင်တန်းတက်နေရင်း တိုက်ပွဲဖြစ်တဲ့အခါမှာ စစ်တပ်ရဲ့လက်ထဲရောက်သွားပြီး အသတ်ခံခဲ့ရတယ်လို့ RPG က ပြောပြပါတယ်။

"တော်လှန်ရေးမှာ ကျနော်က အရင်ဝင်ဖြစ်ခဲ့တယ်။ ကျနော့်မောင်ကတော့ ကျနော့်နောက်မှ၀င်ရောက်လာခဲ့တယ်။ သူကတော့ စစ်ကိုင်းနည်းပညာတက္ကသိုလ်က CDM ကျောင်းသားတယောက်ပါ။ ဆေးပညာသင်နေစဥ်အတွင်းမှာပဲ အကျင့်စာရိတ္တကောင်းမွန်မှုနဲ့ အနေအထိုင်မှန်ကန်မှုကြောင့် စီနီယာတွေကိုကျော်တက်ပြီးတော့ သင်တန်းနည်းပြဖြစ်လာခဲ့တယ်။ အရာရှိသင်တန်းပို့ခံရပြီးတော့  သင်တန်းဆင်းခါနီးမှာပဲ သတင်းပေါက်ကြားပြီးတော့ ၀က်လက်အရှေ့ခြမ်းမှာ ဂျက်ဖိုက်တာတွေ ဟက်စကီးတွေနဲ့ တိုက်ခိုက်ခံရပြီးမှ စကစတွေရဲ့ ဖမ်းဆီးခြင်းကိုခံရပြီးတော့ စခန်းရဲ့တည်နေရာ၊ တပ်ရင်းအကြီးအကဲတွေရဲ့နာမည် ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ဘဲနဲ့ စကစတွေရဲ့ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။"

ယောကျ်ားလေးလို နေထိုင်လေ့ရှိတဲ့ Tomboy RPG တယောက် စစ်သင်တန်းတက်ရောက်ချိန်မှာ၊ စစ်ရေးလေ့ကျင့်ချိန်တွေမှာ အမျိုးသားတွေနဲ့တန်းတူလုပ်ဆောင်နိုင်အောင်ကြိုးစားခဲ့ပြီး အစောပိုင်းမှာ ပြောဆိုဆက်ဆံရေး အခက်အခဲတချို့ရှိခဲ့ပေမယ့် အခုတော့ အဆင်ပြေသွားပြီလို့ဆိုပါတယ်။

"ကျနော်တို့ကတော့ Tomboy ပေါ့နော်။ Tomboy ဖြစ်နေတဲ့ အတွက် စစ်သင်တန်းမှာ ကျနော် အမျိုးသမီးအဆောင်မှာပဲ နေခဲ့ပါတယ်။ အမျိုးသားတွေနဲ့လည်း တန်းတူလုပ်ဆောင်နိုင်စွမ်းလည်း ရှိခဲ့ပါတယ်။ နေရေးထိုင်ရေး ပြောဆိုဆက်ဆံရေးတွေမှာ အစပိုင်းမှာ အခက်အခဲရှိခဲ့တယ်။ နောက်ပိုင်းမှာ ကျနော်တို့ရဲ့ တော်လှန်ရေးအသိုင်းဝိုင်းကလည်း ကျနော်တို့ရဲ့ဖြစ်တည်မှုကို လက်ခဲ့တဲ့အတွက် အကုန်လုံးအဆင်ပြေခဲ့ပါတယ်။"

RPG ဟာ မောင်ဖြစ်သူကို ဆုံးရှုံးထားရပေမယ့်လည်း တော်လှန်ရေးအပေါ် စိတ်ဓာတ်ပြင်းပြသူတ‌ယောက်ဖြစ်တယ်လို့ RPGရဲ့ဆရာလည်းဖြစ်၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲ့တပ်ရင်းမှူးလည်းဖြစ်တဲ့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

သူ့မောင်ကျဆုံးခဲ့ပေမဲ့ သူ့အမေက  သူတော်လှန်ရေးမှာပါဝင်တာကို မဟန့်တားဘဲ ဆက်လက်ခွင့်ပြုနေဆဲဖြစ်ပြီး ဒီအတွက်လည်း သူ့အမေလို အမျိုးသမီးမျိုးကို အသိအမှတ်ပြုတယ်လို့ဆိုပါတယ်။ 

လက်တလောမှာ ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ RPG ခေါ် သမိုင်းနောက်ဆုံးနှစ်ကျောင်းသူ မအင်ကြင်းခိုင်ဟာ တော်လှန်ရေးပြီးသွားတဲ့အခါမှာ ဘွဲ့ရတဲ့အထိ ကျောင်းဆက်တက်ပြီး သူ့ရဲ့ သူငယ်ချင်းတွေနဲ့အတူ ဘောလုံးကန်ချင်တဲ့ ဆန္ဒရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

"ကျနော်တို့က တော်လှန်ရေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုချိန်ထိလည်း ယုံကြည်ဆဲပါပဲ။ တိုင်းပြည်အနာဂတ်ကတော့ ကျနော်တို့နိုင်လို့ရှိခဲ့ရင် ပန်းခင်းလမ်းချည်းဖြစ်နေမှာပါပဲ။ တော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ တကယ်လို့သာ ကျနော့်အမေက ငါ့သားလေးတော့ အသက်ပေးလိုက်ရပြီ ငါ့သမီးတော့ ဒီလိုမျိုး ဆက်အဖြစ်မခံနိုင်ဘူး မပါတော့နဲ့လို့တားမြစ်ခဲ့လို့ရှိရင် ကျနော်က ဘယ်လိုပဲဆိုဆို ကျနော်က မိဘစကားကိုနားထောင်ရမှာ၊ တော်လှန်ရေးမှာ ဘယ်လောက်ပဲ စိတ်ပါ စိတ်ပါ မိဘစကားကိုနားထောင်ရမှာပါပဲ။ အနာဂတ်မှာကတော့ ဘွဲ့ဓာတ်ပုံနဲ့ ယူချင်ပါတယ်။ သူငယ်ချင်းတွေနဲ့လည်း ဘောလုံးပွဲတပွဲလောက် စုကန်ချင်ပါတယ်။ အခုတော့ တော်လှန်ရေးကသင်ပေးတဲ့ ဆေးပညာနဲ့ မိဘပြည်သူတွေကို အလုပ်အကျွေးပြုနေပါဦးမယ်ဗျ"

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #tomboy #RPG #ဆေးတပ်သား #ရွှေဘိုခရိုင်တပ်ရင်း၁၅ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10