PDF တွေကိုစိန်ခေါ်လေ့ရှိတဲ့ ပျူ‌စောထီးခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

PDF တွေကိုစိန်ခေါ်လေ့ရှိတဲ့ ပျူ‌စောထီးခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ သပြုကျေးရွာမှာ PDF တွေကို အမြဲစိန်ခေါ်လေ့ရှိတဲ့ ပျူ‌စောထီးခေါင်းဆောင်တဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကဝမြို့နယ် ပကဖထံက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်မှာ သပြုကျေးရွာ ရွာလယ်နားက ကွမ်းယာဆိုင်တခုမှာ အဖော်တွေနဲ့ထိုင်နေတဲ့ ပျူခေါင်းဆောင် ကိုလွင် ၄၂ နှစ်ကို သေနတ်နဲ့ ၅ ချက်ခန့်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ရဲဘော်တွေ သွားတုန်းကတော့ အခြားမစ်ရှင်နဲ့ သွားတာ။ မစ်ရှင်ထဲမှာက သူကိုရှင်းဖို့လည်းပါတယ်။ အခြားမစ်ရှင်က မလုပ်ဖြစ်တာရယ် သူကိုက အသင့်တွေ့တာကြောင့် ပစ်ခတ်ခဲ့တာ"လို့ ကဝမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ဦးကိုလွင်မှာ ရင်ဘတ်၊ လည်ပင်း၊ ခြေထောက်တွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဦးကိုလွင်ဟာ စစ်ကောင်စီအာဏာသိမ်းစကတည်းက စစ်တပ်နဲ့ပေါင်းပြီး ဆန္ဒပြသူတွေရဲ့သတင်းပေးဖမ်းခိုင်းတာ၊ PDF တွေပေါ်ပေါက်လာပြီးနောက် ဆက်စပ်သူတွေကို သတင်းပေးဖမ်းခိုင်းတာတွေလုပ်ဆောင်နေသလို PDF တွေကိုလည်း မကြောက်ဘူးဆိုပြီး အမြဲစိန်ခေါ်နေသူဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး တနာရီခန့်အကြာမှ စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးပြီး အလောင်းကို ကဝမြို့နယ်ဆေးရုံကိုသယ်သွားတယ်လို့ ဆိုပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၂၆ ရက် ညကလည်း ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာ ရွာတော်ရှင် နတ်ကနားပွဲမှာ လုံခြုံရေးယူနေတဲ့ အုပ်ချုပ်ရေးမှူး ဘိုမြင့်ဆိုသူကိုလည်း ဒေသခံကာကွယ်ရေးတပ်တွေက ပစ်ခတ်ရှင်းလင်းခဲ့ပါ‌သေးတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #က၀ #ပျူစောထီး #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10