သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်သလို ဒေသတွင်းပျူစောထီးခေါင်းဆောင်လည်းဖြစ်သူဟာ PDF ထောင်ခဲ့တဲ့မိုင်းထိလို့ ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းထိသူမှာ ပျူစောထီးခေါင်းဆောင် ဦးဖိုအောင် ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက် မနေ့နေ့လယ် ၁၂ နာရီခွဲလောက်မှာ ကံပြားရဲစခန်းကလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၎င်းဦးဆောင်တဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၀၀ ကျော်ဟာ စစ်ကား ၇ စီးနဲ့ ခလမ်းရွာအနီး ပုဂ္ဂလိကရေနံချက်စက်ရုံတခုကို ဝင်ရောက်စီးနင်းစဉ် မိုင်းထိခဲ့တာလို့ဆိုပါတယ်။
“ ပျူစောထီးခေါင်းဆောင် ဦးဖိုးအောင်က (ပိတ်ထားတဲ့ရေနံချက်စက်ရုံ တံခါးပေါက်ကို) ခြေထောက်နဲ့ ကန်ပြီးဖွင့်တဲ့အချိန်မှာ မိုင်းကွဲပြီး ဒဏ်ရာပြင်းထန်ရသွားတယ်။” လို့ ပွင့်ဖြူနယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
အဆိုပါစက်ရုံဟာ ပုဂ္ဂလိကပိုင်ရေနံချက်စက်ရုံဖြစ်ပြီး စက်တင်ဘာလပိုင်းကစတင်ကာ စက်ရုံပိုင်ရှင်၊ အလုပ်သမားတွေက စွန့်ခွာသွားကာ စက်ရုံလုပ်ငန်းတွေ လည်ပတ်မှုရပ်ဆိုင်းထားခဲ့တာကြောင့် PDF တွေ ခေတ္တအခြေပြုဝင်ရောက်နေထိုင်ခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
“ အဲ့ဒီထဲမှာ PDF တွေရှိတယ်ဆိုပြီး သတင်းရလို့ သွားတာ” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
အဆိုပါ မိုင်းကို မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းက ထောင်ထားတာဖြစ်ပြီး ၎င်းမိုင်းပေါက်ကွဲတာကြောင့် ဆင်လူးရွာအုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင်အပါ ၃ ဦး ဒဏ်ရာရရှိတယ်လို့ သတင်းရရှိထားကြောင်း တပ်ရင်း ၄ တာဝန်ရှိသူက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ပျူစောထီးခေါင်းဆောင် ဦးဖိုးအောင် မှာ ခြေထောက်မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ကားတွေနဲ့ နောက်ကြောင်းပြန်ဆုတ်ကာ ဦးဖိုးအောင်ကို စလင်းဆေးရုံကတဆင့် မကွေးမြို့၊ အမှတ် ၁၆ ကုတင်် ၁၀၀ စစ်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
ဆင်လူးကျေးရွာအုပ်စုမှာ ဆင်လူးတောင်ရွာနဲ့မြောက်ရွာ ၂ ရွာပါဝင်ပြီး စစ်အာဏာသိမ်းပြီးနောက် အရပ်သားအစိုးရလက်ထက်က အုပ်ချုပ်ရေးမှူး ဦးစိန်အောင်မိုး ကို ဖြုတ်ချကာ ဦးဖိုးအောင် က အုပ်ချုပ်ရေးမှူး ဖြစ်လာတာလို့ သိရပါတယ်။
မိုင်းပေါက်ကွဲပြီးနောက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အဆိုပါရေနံချက်စက်ရုံကို မီးရှို့ခဲ့ပြီး စက်ရုံအတွင်း သံပိုက်လုံးတွေကို ကား ၂ စီးနဲ့ ဆင်လူးကျေးရွာကို သယ်ဆောင်လာတယ်လို့ သိရပါတယ်။
ပုံစာ - မိုင်းထိဒဏ်ရာရရှိသူ ပျူစောထီးခေါင်းဆောင် ဦးဖိုးအောင်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပွင့်ဖြူ #ဆင်လူးရွာ #ပျူစောထီး #မိုင်းထိ
Share Share Share