PDF တွေ လုံခြုံရေးယူနေထိုင်တဲ့ အဆောက်အဦးအချို့နဲ့ ဒေသခံဆိုင်ကယ်တွေကို စစ်အုပ်စုကမီးရှို့

PDF တွေ လုံခြုံရေးယူနေထိုင်တဲ့ အဆောက်အဦးအချို့နဲ့ ဒေသခံဆိုင်ကယ်တွေကို စစ်အုပ်စုကမီးရှို့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျင်းကျေးရွာကို လုံခြုံရေးယူပေးနေတဲ့ PDF တွေနေထိုင်ရာ အဆောက်အဦးတခု၊ ကင်းဂိတ်တခုနဲ့ ဒေသခံတွေရဲ့ ဆိုင်ကယ် ၆ စီးကို ဇွန်လ ၁၀ ရက် မနက် ၁၀ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

ကျေးရွာကို လုံခြုံရေးယူချိန် PDF တွေနေထိုင်ကြတဲ့ ရွာအရှေ့ပိုင်းက ဘော်ဒါဆောင်(အဟောင်း)တခု၊ ကားလမ်းမဘေးမှာ ပြုလုပ်ထားတဲ့ လုံခြုံရေးဂိတ်တခုနဲ့ ဒေသခံနေအိမ်အတွင်းရှိ ဆိုင်ကယ် ၆ စီးတို့ကို အင်အား ၁၀၀ ကျော်ပါတဲ့ စစ်သားနဲ့ပျူပူပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာလို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ခံ ဆရာကျော်က ပြောပါတယ်။

"စကစနဲ့ပျူတွေက ရွာကိုဖောကား ၃ စီးအပြည့်နဲ့ ဝင်လာတာ။ ရွာထဲကိုမဝင်မီ ကားလမ်းမထက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ တရစပ်ပစ်ခတ်ခဲ့တယ်။ လူတွေက အချိန်မီရှောင်လိုက်နိုင်လို့ ထိခိုက်မှု မရှိခဲ့ဘူး။ အိမ်တွေကိုတော့ မီးမရှို့ခဲ့ကြဘူး။ PDF တွေ လုံခြုံရေးယူထားတဲ့ နေရာတွေကို ရွေးပြီးတော့မီးရှို့ ဖျက်ဆီးသွားကြတာ။ စကစတွေ ရွာကအထွက်မှာ လမ်းမှာတွေ့တဲ့အမျိုးသားနှစ်ယောက်ကိုလည်း လမ်းပြခေါ်သွားတယ်"လို့ ဆိုပါတယ်။

အခုလို မီးရှို့ဖျက်ဆီးပြီးနောက် နေ့လယ် ၃ နာရီကျော်မှာတော့ အဲ့ဒီစစ်သားတွေဟာ ကျေးရွာထဲကနေ ကားလမ်းမအတိုင်း ပေါက်မြို့နယ်ဘက်ကိုထွက်ခွာသွားကာ လမ်းခုလတ်တနေရာအရောက်မှာတော့ လမ်းပြအဖြစ်ဖမ်းခေါ်ခဲ့တဲ့ ကျင်းရွာသားနဲ့ ကျောက်ထုရွာသားတို့ ၂ ဦးကို ပြန်လွတ်ပေးခဲ့တယ်လို့ ဆရာကျော်က ပြောပါတယ်။

စစ်ကြောင်းဝင်လာချိန် ကျင်းကျေးရွာက ထွက်ပြေးခဲ့ရတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ကျေးရွာထဲကို ဇွန်လ ၁၂ ရက် ဒီနေ့အထိ ဝင်ရောက်မနေထိုင်ရဲကြဘဲ ဘေးလွတ်ရာနေရာတွေမှာ ခိုလှုံနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

ကျင်းကျေးရွာကို ဝင်ရောက်လာခဲ့တဲ့ စစ်အုပ်စုဟာ ပေါက်မြို့နယ်ရှိ အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄)က ဖြစ်ပြီး ဒီကနေ့အထိ ထီးလင်းမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေကြဆဲ ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့လယ် ၃ နာရီကျော်မှာလည်း ကျင်းရွာအုပ်စု၊ ဆင်ထိုးကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ  Mi-35 တစီးနဲ့ ရွာအနီးပတ်ဝန်းကျင်ကို နာရီဝက်အကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၂ လုံးပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ 

 

စာတည်း - လင်း

 

#မြေလတ်အသံ

#မကွေး #ထီးလင်း #ကျင်းကျေးရွာ #ကပစ ၂၄ #စစ်ကောင်စီ #မီးရှို့ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10