PDF ထုတ်လုပ်ရေးစခန်းနဲ့ ကင်းစခန်းစီးနင်းခံရလို့ ၁ ဦးကျဆုံးပြီး ပစ္စည်းတွေပါဆုံးရှုံး

PDF ထုတ်လုပ်ရေးစခန်းနဲ့ ကင်းစခန်းစီးနင်းခံရလို့ ၁ ဦးကျဆုံးပြီး ပစ္စည်းတွေပါဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်လုပ်ရေးစခန်းနဲ့ကင်းစခန်း စီးနင်းခံရလို့ PDF ၁ ဦးကျဆုံးကာ ၁ ဦးဒဏ်ရာရပြီး ပစ္စည်းတွေလည်းဆုံးရှုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။ 

မေ ၁၅ ရက် မနက် ၆ နာရီကျော်ခန့်မှာ စစ်ကောင်စီအင်အား ၆၀ ခန့်ဟာ သစ်ညိုပင်နဲ့ ဆည်ကြီးတောကျေးရွာကြားက မုံရွာခရိုင်တပ်ရင်း ၂၇၊ တပ်ခွဲ ၃ ရဲ့ ရှေ့ထွက်ကင်းစခန်းတခုကို အလစ်ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ 

အဆိုပါပစ်ခတ်မှုအတွင်း PDF ရဲဘော်တဦး သေဆုံးပြီး သေနတ် ၂ လက်နဲ့ ကား ၁ စီး သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

"စကစ စစ်ကြောင်းက ဒီဘက်တကြောမှာပတ်နေတာ တပတ်လောက်ရှိနေပြီ။ မနေ့မနက် အစောပိုင်းက ကင်းစခန်းတခု ဝင်စီးခံလိုက်ရတယ်။ နောက်ပြီးတော့ ပကဖ ထုတ်လုပ်ရေးစခန်းတခုကိုလည်း စီးနင်းခံလိုက်ရသေးတယ်"လို့ ပကဖ တာဝန်ခံတဦးက ပြောပါတယ်။

ကင်းစခန်းစီးနင်းခံရပြီးနောက် မနက် ၁၀ နာရီကျော်မှာ အဆိုပါစစ်ကောင်စီအဖွဲ့ဟာ တောင်မတောကျေးရွာနဲ့ သစ်ညိုပင်ရွာကြားရှိ တိုက်နယ် ၄ ပကဖထုတ်လုပ်ရေးစခန်းကို ထပ်မံဝင်စီးတာကို ခံလိုက်ရတာလို့ ဆိုပါတယ်။

ထုတ်လုပ်ရေးစခန်းကိုဝင်စီးခံရချိန် ရဲဘော်တွေက ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် စခန်းအတွင်းရှိ ဆိုင်ကယ်၊ ဘေးတွဲ၊ လက်နက်အချို့၊ ယမ်းတွေနဲ့မိုင်းတွေ ထုတ်လုပ်ရေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းမီးရှို့ခံလိုက်ရပြီး စုစုပေါင်းကျပ်သိန်း ၁၆၀ လောက်ဆုံးရှုံးခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။ 

ထုတ်လုပ်ရေးစခန်းကို စစ်ကောင်စီအဖွဲ့တွေဝင်ရောက်စီးနင်းချိန် စခန်းကနေဆုတ်ခွာသွားတဲ့ ရဲဘော်တွေထဲက ရဲဘော်တဦး မတော်တဆမှုဖြစ်ပြီး မစိုးရိမ်ရဒဏ်ရာရခဲ့သေးတယ်လို့ ဆိုပါတယ်။

မေ ၁၆ ရက် ဒီမနက်ပိုင်းထိ အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဗောဓိကျေးရွာမှာ တပ်စွဲနေကြတယ်လို့ ဆိုပါတယ်။ 

၂၀၂၃ ဒီဇင်ဘာ ၂၉ ရက်ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အနီးရှိ မုံရွာမြို့နယ် ပလဖ စခန်းခွဲ ၁ ခု တိုက်ခိုက်ခံရပြီး ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ပစ္စည်းဆုံးရှုံးမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ပကဖကင်းစခန်း #ထုတ်လုပ်ရေးစခန်း #စီးနင်း #PDF #ကျဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10