PDF ထောင်တဲ့မိုင်းကို နင်းမိပြီး တပ်ကြပ်ကြီး ၁ ဦးအပါ ၃ ဦးသေ

PDF ထောင်တဲ့မိုင်းကို နင်းမိပြီး တပ်ကြပ်ကြီး ၁ ဦးအပါ ၃ ဦးသေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်တွေက သွားလာဖို့ ကန့်သတ်ထားတဲ့လမ်းကို ဖြတ်လာတဲ့စစ်အုပ်စု မိုင်းထိပြီး တပ်ကြပ်ကြီး ၁ ဦးနဲ့ ပျူစောထီး ၂ ဦးသေဆုံးခဲ့တယ်လို့ Ngwe Dwin Revolution Force ဆီက သိရပါတယ်။ 

ငွေတွင်းကျေးရွာနဲ့ သလဲဘာကျေးရွာက စစ်သားနဲ့ပျူစောထီး အင်အား ၃၀ ပါအဖွဲ့က ငွေတွင်း - စပါးတွင်းကျေးရွာချင်းဆက်လမ်းကို ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ ရှင်းလင်းရေးလုပ်နေချိန် ကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ပေါက်ကွဲခဲ့တာပါ။ 

ဒီဇင်ဘာ ၆ ရက်မှာ တပ်ကြပ်ကြီးပိုင်စိုးနဲ့ ပျူစောထီးတဦး မိုင်းထိမှန်သေဆုံးပြီး ပျူစောထီး ဦးပုကတော့ ဒီဇင်ဘာ ၇ ရက်မှာ မိုင်းထိသေဆုံးခဲ့တာဖြစ်ပါတယ်။

"သေတဲ့ တပ်ကြပ်ကြီးပိုင်စိုးက အရာတော်မြို့ လေ့ကျင့်ရေးအမှတ် ၁၀ တပ်ကဗျ။ ငွေတွင်းရွာမှာ တာဝန်ကျနေတာ။ ဦးပုကတော့ ငွေတွင်း(ရွာ)သား။ ကျန်တယောက်က သလဲဘာရွာက"လို့ Ngwe Dwin Revolution Force မှ တာဝန်ခံကိုစစ်နိုင်က ပြောပါတယ်။

အရာတော်မြို့နယ်ထဲက စစ်ကောင်စီတပ်တွေအထိုင်ချတပ်စွဲထားတဲ့ ငွေတွင်း၊ သလဲဘာ၊ စပါးတွင်း စတဲ့ကျေးရွာတွေကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို ဒေသခံကာကွယ်ရေးတပ်တွေက ဒီဇင်ဘာ ၅ ရက်ကစတင်ပြီး သွားလာဖို့ကန့်သတ်ထားတာပါ။ 

ငွေတွင်းကျေးရွာဟာ စပါးတွင်းကျေးရွာနဲ့ ၂ မိုင်ကျော်ကွာဝေးပြီး စပါးတွင်းနဲ့ သလဲဘာကျေးရွာကတော့ ၁ မိုင်ခန့်ကွာဝေးပါတယ်။ 

အဲ့ဒီကျေးရွာ ၃ ရွာစလုံးဟာ စစ်အာဏာသိမ်းချိန်ကတည်းက စတင်ပြီး ပျူစောထီးတွေအားကောင်းတဲ့ ရွာတွေဖြစ်ကြသလို စစ်ကောင်စီတပ်သားတွေကလည်း ရွာထဲမှာ အခိုင်အမာတပ်စွဲနေကြတာကြောင့် ဒေသခံကာကွယ်ရေတပ်တွေက ပျူစောထီးကျေးရွာဆိုပြီး သတ်မှတ်ထားကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်မှာလည်း ငွေတွင်းကျေးရွာကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မောင်းသူမဲ့လေယာဥ် ၅ စီးနဲ့ ဗုံးသီး ၉ လုံးချ တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီးကျော်မိုး အပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #ပျူစောထီးရွာ #ဒေသကာကွယ်ရေး #မိုင်းထိ #တပ်ကြပ်ကြီး #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10