PDF ထောင်တဲ့မိုင်းကို ဖြုတ်နေစဥ် ပေါက်ကွဲပြီး မိုင်းဖြုတ်ကျွမ်းကျင်သူနဲ့ နယ်ထိန်း ၁ ဦးသေ

PDF ထောင်တဲ့မိုင်းကို ဖြုတ်နေစဥ် ပေါက်ကွဲပြီး မိုင်းဖြုတ်ကျွမ်းကျင်သူနဲ့ နယ်ထိန်း ၁ ဦးသေ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ရေဘေးရပ်ကွက် (ခ) အောင်ချမ်းသာရပ်ကွက် အနီးမှာ ဒေသခံကာကွယ်ရေး တပ်တွေ ထောင်ခဲ့တဲ့မိုင်းကို စစ်ကောင်စီအဖွဲ့တွေ လာဖြုတ်ချိန် ပေါက်ကွဲမှုဖြစ်ပြီး နယ်ထိန်းတဦး အပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေါင်းစစ်သည် (People Defence Force Pakokku)အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီမိုင်းကို ဇွန်လ ၂၁ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာ လာဖြုတ်ချိန် ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် တပ်မ ၁၀၁ က မိုင်းဖြုတ်ကျွမ်းကျင်သူ စစ်သား ကျော်ဆန်းဆိုသူနဲ့ ပခုက္ကူမြို့ပေါ်က ရဲနယ်ထိန်းတဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“တပ်မ ၁၀၁ က စစ်သားကျော်ဆန်းက ပခုက္ကူအနီးတဝိုက်မှာရှိတဲ့ မိုင်းမှန်သမျှကို သူဖြုတ်လာတာ၊ သူ့ကိုယ်သူ မိုင်းပြီးတယ်၊ မိုင်းကိုကျွမ်းကျင်တယ်ပေါ့၊ ဘယ်မိုင်းမဆိုဖြုတ်နိုင်တယ်လို့ ကြိမ်းဝါးထားတဲ့သူပေါ့၊ အဲ့ဒီ ကိုကျော်ဆန်းကနေ Jammer စက်တွေနဲ့ သူအဖော်တွေနဲ့ရောက်လာတယ်၊ ရောက်ချလာပြီး ကျနော်တို့ထောင်ထားတဲ့ မိုင်းကိုဖြုတ်တယ်၊ မိုင်းကဖြုတ်လိုက်တဲ့အချိန်မှာပဲ တမ်းကွဲသွားတယ်” လို့ ဒေါင်းစစ်သည် (People Defence Force Pakokku) မှ တာဝန်ခံ ကိုရာဇာက ပြောပါတယ်။

ရဲနယ်ထိန်းက နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ကာ စစ်သားကျော်ဆန်းကတော့ ဆေးရုံးရောက်မှ သေဆုံးခဲ့တာလို့လည်း ဆိုပါတယ်။ 

“မိုင်းပြီးတယ်ဆိုတဲ့ ကိုကျော်ဆန်းက ဒဏ်ရာရပြီး မန္တလေးဆေးရုံကို အားချင်းပို့လိုက်ရတယ်၊ မနေ့ညက သေသွားတယ်လို့ သတင်းကြားသိရတယ်၊ သူနဲ့အတူပါလာတဲ့ ပခုက္ကူမြို့ပေါ်က ရဲနယ်ထိန်းက ပွဲချင်းပြီး သေသွားတယ်၊ ကိုကျော်ဆန်းနဲ့အတူပါလာတဲ့ စစ်သား ၁ ဦးက ပေါင်ပြတ်သွားတယ်” လို့ ကိုရာဇာက ဆက်ပြောပါတယ်။ 

ဒီထိခိုက်သေဆုံးမှုတွေကို တပ်တွင်းသတင်းပေးတွေရဲ့ ပြန်လည်ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ပြောပေမယ့် မြေလတ်အသံက သီခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒီစစ်ဆင်ရေးကို ဒေါင်းစစ်သည် ( People Defence Force Pakokku ) နဲ့ Black Dragon တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကလည်း  မြိုင်မြို့နယ်တောင်ပိုင်း၊ ရွာတန်းရှည်ကျေးရွာရှိ စစ်ကောင်စီတပ်သားတွေကို ဒေါင်းစစ်သည်အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

 

ပုံစာ - ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မိုင်းထောင်နေစဥ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #မိုင်းပေါက်ကွဲ #ရဲနယ်ထိန်း #စစ်ကောင်စီတပ်သား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10