PDF ထောင်ထားတဲ့မိုင်းတွေသိမ်းပြီးအပြန် ပဒေသာမိုင်းထိလို့ စစ်သား ၇ ဦးသေဆုံးဟုဆို (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် တူရွင်းဘိုကျေးရွာနဲ့ သစ်ရုံကျေးရွာကြားမှာ PDF တွေထောင်ထားတဲ့ မိုင်းတွေကို သိမ်းပြီး ပြန်တဲ့ စစ်ကောင်စီအဖွဲ့ ပဒေသာမိုင်းထိလို့ ၇ ဦး သေဆုံးသွားတယ်လို့  27 Revolution Forces တာဝန်ရှိသူ ဆီက သိရပါတယ်။

ဇွန်လ ၁၁ ရက် ညနေ ၃ နာရီလောက်မှာ သိမ်းဆည်းရမိလာတဲ့ မိုင်းတွေကို မြင်းခြံမြို့ဘက်ကို အရပ်သားကားတွေနဲ့ ပြန်သယ်လာတဲ့ အင်အား ၂၅ ဦး ဝန်းကျင် ခလရ ၁၅ ထဲက စစ်ကောင်စီတပ်ကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ 27 Revolution Forces က ပြောပါတယ်။

"ဖြစ်စဥ်က ကျနော်တို့ ထောင်ထားတဲ့ မိုင်းတလုံးကို နွားတကောင်က တိုက်မိပြီး ပေါက်သွားတယ်။ အဲဒါကို ပျူတွေက စကစ တွေကို အ​ကြောင်းကြားလိုက်တော့ သူတို့က အဲလမ်းပိုင်းပေါ်က မိုင်းတွေဖော်ပြီး သိမ်းလာတာ။ သူတို့မှာ ဂျန်ပါအချို့လည်းပါလာတော့ မိုင်းသိမ်းနေချိန် အချို့မိုင်းတွေကို ဆွဲတာ မပေါက်လိုက်ဘဲ သိမ်းခံလိုက်ရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က သိမ်းသွားလို့ မိုင်း ၁၆ လုံးပါသွားပြီး အပြန်မှာ ပဒေသာမိုင်းနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က ‌ သေနတ် ၂ ချက်သာ ပြန်ပစ်နိုင်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေနဲ့ ပျက်စီးသွားတဲ့ကားကို ကရိန်းကားနဲ့ ပြန်သယ်သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ 27 Revolution Forces၊ မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း၊ MGN 35၊ နဂါးနီ​ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်စက္ကအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာအရှေ့ဘက် သင်ပြွန်းကျေးရွာအဝင် လမ်းခွဲနားမှာ ဆက်ကြေးကောက်ပြီး သောက်စားနေတဲ့ စစ်ကောင်စီ အင်အား ၃၀ ခန့်ကို ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ၂ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#မြင်းခြံ #ပဒေသာမိုင်းဆွဲခံရ #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10