“အမေက လာဖမ်းတဲ့သူကို ခြေသလုံးဖက် တောင်းပန်တာကိုမှ ရဲတယောက်က ခြေထောက်နဲ့ ဆောင့်ကန်ခဲ့တာ”    PDF ထံ အလင်းဝင်လာတဲ့ စစ်မှုထမ်းဖို့ အတင်းအဓမ္မစုဆောင်းခံရသူ တပ်သားသစ်နှစ်ဦးရဲ့ အင်တာဗျူး

“အမေက လာဖမ်းတဲ့သူကို ခြေသလုံးဖက် တောင်းပန်တာကိုမှ ရဲတယောက်က ခြေထောက်နဲ့ ဆောင့်ကန်ခဲ့တာ” PDF ထံ အလင်းဝင်လာတဲ့ စစ်မှုထမ်းဖို့ အတင်းအဓမ္မစုဆောင်းခံရသူ တပ်သားသစ်နှစ်ဦးရဲ့ အင်တာဗျူး

 

နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် အဓမ္မဖမ်းဆီးကာ စစ်သင်တန်းပို့ခံရပြီး စစ်မှုထမ်းနေရတဲ့လူငယ်တွေ အများပြားရှိနေပါတယ်။ အဲဒီထဲမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဇာတိဖြစ်တဲ့ ကိုချမ်းနဲ့ ကိုဖိုးသား(အမည်လွှဲ)တို့ နှစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

ပွဲရုံအလုပ်သမား ကိုချမ်းနဲ့ လက်သမားလုပ်ကိုင်တဲ့ ကိုဖိုးသားတို့ ၂ ဦးဟာ အခုနှစ် မေလ တတိယပတ်ထဲမှာ နေအိမ်ထဲထိ ဝင်ရောက်ကာ စစ်ကောင်စီရဲ့ အတင်းအဓမ္မဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ အဲဒီနောက် သူတို့ကို စစ်တပ်က စုဆောင်းရေးကတဆင့် စစ်သင်တန်းတက်ရောက်ရမယ့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ဆီ ပို့လိုက်ကြပါတယ်။ 

ဒါပေမဲ့ သူတို့ ၂ ဦးဟာ သင်တန်းဆင်းပြီးနောက် တာဝန်ကျရာ ညောင်ဦးမြို့ကို ရောက်ရှိသွားတဲ့အခါမှာတော့ စက်တင်ဘာ ၁၇ ရက်မှာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ ၄ နဲ့ ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ပါတယ်။  

ကိုချမ်း နဲ့ ကိုဖိုးသားတို့ စစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီးခံခဲ့ရပုံ၊ စုဆောင်းရေး၊ စစ်သင်တန်းတက်ရောက်စဉ် ကာလတလျှောက် ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအပေါ် မြေလတ်အသံသတင်းဌာနမှ ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။  

 

မေး။ ။ဘယ်လိုပုံစံနဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးခံခဲ့ရတာလဲ။ အဲဒီညက အခြေအနေလေး ပြောပြပေးလို့ ရမလား။

ဖြေ(ကိုချမ်း)။ ။မေလ ၂၅ ရက်နေ့က အိမ်မှာ ည ၉ နာရီလောက်အိပ်တော့ ကား ၅ စီးနဲ့ ရောက်လာပြီး အိမ်အပေါက်တွေကို အတင်းပဲ ကန်ပြီးတော့ အိမ်ထောင်စုဇယား စစ်တာလိုလိုနဲ့ အိမ်ထောင်စုဇယားတောင်း ကြည့်တယ်။ အသက်က ၂၄ အရွယ်ဆိုတော့ ကျနော့်နာမည်ခေါ်ပြီးတော့ ဘယ်မှာတုန်းဆိုပြီး အထဲကို အတင်းပဲ ဝင်ဆွဲတာ။ စစ်မှုမဖြစ်မနေထမ်းရမှာတဲ့၊ ကျနော် မလိုက်ချင်ဘူးပြောတော့၊ မင်းမလိုက်ဘူးဆို မင်းအိမ်က အကုန်ဆွဲမှာလို့ ခြိမ်းခြောက်ပြီး ခေါ်တာဗျ။

 

မေး။ ။ လာဖမ်းစဥ် စစ်ကောင်စီဘက်က ဘယ်သူတွေ ပါဝင်သေးလဲ။

ဖြေ(ကိုချမ်း)။ ။ စစ်သားတွေ မပါဘူး၊ ထွေအုပ်တွေနဲ့ ရဲတွေဗျ။

 

မေး။ ။ အဖမ်းခံရပြီးနောက် ဘယ်ကို ပို့ခံရလဲ၊ ဘာတွေကြုံရလဲ။

ဖြေ(ကိုချမ်း)။ ။ မုံရွာ လဝကရုံးကို တခါတည်း တန်းခေါ်သွားတော့တာ။ စစ်မှုထမ်းပါမယ်ဆိုပြီး စာချုပ်မှာ လက်မှတ်ထိုးရတယ်။ ကျနော့်မှာ ပြောပိုင်ခွင့်မရှိဘူး။ သူတို့ ဒါထိုးဆို ထိုး၊ ဒါလုပ်ဆို လုပ်ရတာ။ အဲ့မှာ တညအိပ်ပြီးတော့ မင်းတို့ကောင်တွေ ဒီမှာနေရတာ ကျဥ်းတယ်ပြောပြီး မုံရွာ ၉၂၉ ထောက်ပို့တပ်ကို ပို့တယ်။

ဖြေ(ကိုဖိုးသား)။ ။ လဝကရုံးမှာ တညအိပ်ပြီး ၉၂၉ ထောက်ပို့ စုဆောင်းရေးထဲမှာ ထားထားသေးတယ်၊ ၁၅ ရက်လောက်။ သူတို့ သတ်မှတ်ထားတဲ့လူ ပြည့်ပြီဆိုမှ ကားကြီးတွေနဲ့ စစ်ကိုင်း ၃၃ (တပ်မ ၃၃)ကိုပို့၊ အဲ့မှာ တပတ်လောက် နေရသေးတယ်။ တခါ မန္တလေးတပ်မှာ တညအိပ်ရတယ်။ ပြီးတော့မှ ရပ်စောက်ကို တခါတည်း ကားနဲ့ တန်းပို့တာ။

 

မေး။ ။ ထောက်ပို့တပ်ထဲ ရောက်သွားတော့ ဘာတွေကြားရ သိရလဲ။

ဖြေ(ကိုချမ်း)။ ။ အဲ့ထဲရောက်မှ သိတဲ့သူငယ်ချင်း(မုံရွာဇာတိ)က ပြောတာပဲ၊ သူတို့လည်း ဒီလိုပဲ အတင်း ဆွဲခံရတာပေါ့။ အမေက လာဖမ်းတဲ့သူကို ခြေသလုံးဖက် တောင်းပန်တာကိုမှ ရဲတယောက်က ခြေထောက်နဲ့ စောင့်ကန်ခဲ့တာလို့ ပြောတယ်။ အားလုံးစုစုပေါင်း မုံရွာသားတွေချည်းပဲ အယောက် ၆၀ ဗျ။

ဖြေ(ကိုဖိုးသား)။ ။ ကျနော်တို့ အရင်ရောက်နေတာကိုက အယောက် ၂၀ လောက်ရှိတယ်။ နောက်ထပ် ၃၀ ကျော်လောက် ထပ်ရောက်လာတယ်။ ၅ ယောက်ပါလာလိုက်၊ ၆ ယောက်ပါလာလိုက်နဲ့ နည်းနည်း နည်းနည်းလေးနဲ့ သူတို့ သတ်မှတ်ထားတဲ့ ဦးရေပြည့်ရင် ပို့တာ။

 

မေး။ ။ ဘယ်အရွယ်တွေ ဖမ်းဆီးခံရတာတွေ့လဲ။

ဖြေ(ကိုဖိုးသား)။ ။ ၂၀၊ ၂၅၊ ၂၆ ဝန်းကျင်တွေက ပိုများတယ်။ ၃၅ ဝန်းကျင်ကိုက ၄ ယောက်၊ ၅ ယောက် လောက်ပါသေးတယ်။

 

မေး။ ။ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်ကိုရောက်ချိန် ဘာတွေသင်ရလဲ။

ဖြေ(ကိုဖိုးသား)။ ။ ပထမတော့ စစ်ရေးပြပေါ့၊ သတိ၊ သက်သာ၊ အေးစေ၊ နောက်ကျမှ သေနတ်အဖြုတ်အတပ်တို့ ချေမှုန်းရေးတို့ သေနတ်ပစ်တာခတ်တာတို့၊ စစ်နည်းဗျူဟာတို့ အဲ့ဒါမျိုးသင်ရတယ်။

 

မေး။ ။ သင်တန်းကာလ ထွက်ပြေးတဲ့သူတွေရောရှိလား။

ဖြေ(ကိုဖိုးသား)။ ။ ရပ်စောက်က အကျယ်ကြီးဆိုတော့ ပြေးလည်း မလွတ်ဘူး။ ပြေးတဲ့သူတွေလည်း ပြန်မိတယ်။ ပထမ ၄ ယောက်ပြေးတာ အဲ့ ၄ ယောက်က ပြန်မိတယ်။ နောက်ထပ် ၁၁ ယောက်ထပ်ပြေးတော့ကျ ၃ ယောက်ဆိုလား မိတယ်ကြားတယ်။ ကျန်တဲ့ ၇ ယောက်က လွတ်တယ်။ သင်တန်းသားတွေ ထပ်မပြေးအောင်လို့ ၄ ယောက်ကို ကျနော့်တို့ မျက်စိရှေ့တင် ထုတ်ရိုက်တာ။ ၄ ယောက်ကို ထုတ်ရိုက်တော့ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေ ကျောင်းအုပ်ကြီးလည်းပါတယ်။ (သင်တန်းသား)၁ ယောက်ကို လူ ၇ ယောက်ရိုက်တာ။ ကျနော်တို့ ရေထားတာတော့ အရိုက်ခံရတဲ့ကောင်က ၁၀၅ ချက် ရိုက်ခံရတယ်။ အချက် ၁၀၀ ကျော် ဖင်ချွတ်ပြီးတော့ အစိမ်းရိုက်တာ။ ကျနော်တို့ ကြည့်ကို မကြည့်ရက်ဘူး။ 'ပြေးချင်ဦး၊ ပြေးချင်ဦး ငါတို့ကို ဒုက္ခပေးတာ မင်းတို့က' အဲ့လိုပြောပြီးရိုက်တာ။ 

 

မေး။ ။ သင်တန်းကာလ စစ်ကောင်စီဘက်က ဝါဒမှိုင်းတိုက်တာတွေရှိလား။

ဖြေ(ကိုချမ်း)။ ။ လူမျိုးခွဲတွေနဲ့ပါ မှိုင်းတိုက်တယ်။ ခုဆို လားရှိုးဘက်တွေ သိမ်းပြီးသွားပြီ၊ မင်းတို့ ဗမာတွေ သွားလို့ရလား၊ မရဘူး ဘာညာပြောတယ်။ လားရှိုးဘက်ကို မင်းတို့ကောင်တွေသွားရင် မင်းတို့ ဗမာတွေဆို အကုန်သတ်ပစ်မှာပေါ့။ ပြီးတော့ ဘာသာရေးနဲ့ ဆိုလို့ရှိရင်လည်း ဘုန်းကြီးတွေဆိုရင် PDF လူငယ်တွေက သတ်တယ်ပေါ့၊ သူတို့ (စစ်တပ်) သတ်တာကိုပဲ မြင်တယ်ပေါ့၊ ပြည်သူတွေကအစ မမြင်ဘူးဆိုပြီး ပြောတယ်။ CDM မလုပ်တဲ့ ဆရာမတွေကိုလည်း လူငယ်တွေက သတ်တယ်ဘာညာ အဲ့လိုတွေလည်း ပြောတယ်။

 

မေး။ ။ အပတ်စဥ် ၃ မှာ သင်တန်းသား ဘယ်လောက်ရှိလဲ၊ ဘယ်မြို့နယ်တွေကလဲ။

ဖြေ(ကိုချမ်း)။ ။ အပတ်စဥ် ၃ တခုထဲကို စုစုပေါင်း အယောက် ၆၀၀ ဗျ။ မြို့နယ်တခုကို အယောက် ၆၀၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းပါတယ်။ (မြို့နယ်အနေနဲ့ဆို) မုံရွာ၊ စစ်ကိုင်း၊ ဆင်ပေါင်ဝဲ၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ အဲ့လောက်ပဲ သိတယ်။

 

မေး။ ။ သင်တန်းပြီးတော့ ဘယ်မှာတာဝန်ကျလဲ။

ဖြေ(ကိုဖိုးသား)။ ။ ညောင်ဦးက ခြေမြန်တပ်ရင်း။

 

မေး။ ။ ဘယ်လို ထွက်ပြေးဖြစ်ခဲ့လဲ။

ဖြေ(ကိုချမ်း)။ ။  ၃ ရက်လောက် မအိပ်ဘဲနဲ့ ပြေးမယ့်အပေါက်ကို ရှာပြီးမှ လွတ်တဲ့ချိန်ကို ပြေးလာခဲ့တာ။ မစား မသောက်ဘဲပြေးရတော့ကျ စိတ်က လွတ်ချင်တဲ့စိတ်က များပြီးတော့ အားပြတ်မှာတော့ မရှိ(မစိုးရိမ်)ဘူး။ ပြန်(ဖမ်း)မိမှာတော့ စိုးရိမ်တယ်။ ကျနော်တို့လည်း သူတို့လွတ်မယ့်နေရာ ယာတွေထဲက ပြေးလာရတာ၊ (ပတ်ဝန်းကျင်ကို)အကူအညီမတောင်းရဲဘူးလေ။ ဘာမှန်းမှ မသိတာ၊ သူတို့ဘက်ကလူ ဖြစ်နေရင် ကျနော်တို့ အလကားနေ သေသွားမှာ။

 

မေး။ ။ ဘာတွေများ ဖြည့်စွက် ပြောချင်သေးလဲ။

ဖြေ(ကိုဖိုးသား)။ ။ ကျနော်တို့ကောင်တွေ ကျနော်တို့လို စိတ်ဓာတ်လည်း ရှိမှာပါ။ တပ်ထဲမှာ မနေကြပါနဲ့ ပြည်သူထဲကို ဝင်ခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်။

 

#မြေလတ်အသံ

#အင်တာဗျူး #စစ်မှုထမ်းဥပဒေ #တပ်သားသစ် #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10