PDFနဲ့ဆက်စပ်တယ်ဆိုပြီး အင်းတော်ကလူငယ်တဦးကို စစ်ခုံရုံးက ထောင်ဒဏ်တသက်ချမှတ်

PDFနဲ့ဆက်စပ်တယ်ဆိုပြီး အင်းတော်ကလူငယ်တဦးကို စစ်ခုံရုံးက ထောင်ဒဏ်တသက်ချမှတ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကလေးကျေးရွာက လူငယ်အမျိုးသားတဦးကို စစ်ကောင်စီလက်အောက်စစ်ခုံရုံးက ဧပြီလ ၃ ရက်နေ့မှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ထောင်ချမှတ်ခံရသူမှာ အသက် ၂၄ နှစ်အရွယ် ကိုအေးမင်းထွန်းဖြစ်ပြီး PDF နဲ့ဆက်စပ်တယ်ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂(က)နဲ့ ထောင်တသက်တကျွန်း ချမှတ်လိုက်တာဖြစ်တယ်လို့ Indaw Revolution-IR တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။


"အေးမင်းထွန်းက PDF ကို ရိက္ခာတွေပို့ပေးတယ်။ ကူညီထောက်ပံ့ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းလိုက်တာပေါ့။ သူက PDF တပ်ဖွဲ့ဝင် မဟုတ်ဘူးဗျ။ သူကလူငယ်ဆိုတော့ PDFကို ထောက်ခံတဲ့သူတယောက်သာ ဖြစ်တယ်" လို့ ပြောပါတယ်။

ကိုအေးမင်းထွန်းဟာ ပြီးခဲ့တဲ့မတ်လ ၅ ရက်နေ့က နားရခေါင်ကျေးရွာကို ရောက်ရှိနေချိန် PDF ယူနီဖောင်းတွေ ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရသူဖြစ်ပါတယ်။

အလားတူ နဘားကျေးရွာအုပ်စု၊ ကန်းနီကျေးရွာက မီးသွေးဖုတ်နေတဲ့ ကိုမင်းမင်းဦး ၂၇ နှစ်ကိုလည်း စစ်ကောင်စီတပ်သားတွေက PDF လို့စွပ်စွဲဖမ်းဆီးကာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ အင်းတော်စစ်ခုံရုံးက ပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ်တစ်သက်တကျွန်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့ကစတင်ကာ အင်းတော်မြို့အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေးကြေငြာခဲ့ကာ စစ်ခုံရုံးနဲ့ အမှုစစ်ဆေးပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်နေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10