PDF နဲ့အရပ်သားတွေကို သတင်းပေးဖမ်းဆီးခိုင်းနေတဲ့ သေနတ်ကိုင်အုပ်ချုပ်ရေးမှူး နေအိမ်မှာပစ်သတ်ခံရ

PDF နဲ့အရပ်သားတွေကို သတင်းပေးဖမ်းဆီးခိုင်းနေတဲ့ သေနတ်ကိုင်အုပ်ချုပ်ရေးမှူး နေအိမ်မှာပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာ PDF နဲ့ ဒေသခံပြည်သူတွေ ဖမ်းဆီးခံရအောင်လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ လက်ပံတန်းမြို့နယ် ပကဖထံက သိရပါတယ်။

အသတ်ခံရသူမှာ ပျဉ်းကတိုးကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၅ နှစ်ခန့်အရွယ် ဌေးနိုင် ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁ ရက် မနေ့ည ၁၁ နာရီခန့်မှာ ၎င်းရဲ့ နေအိမ်မှာရှိနေချိန် ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။

" သူက သူ့လုပ်ရပ်တွေကိုသိတော့ သတိအမြဲရှိနေတယ်။ ကျနော်တို့အဖွဲ့တွေရောက်သွားချိန် နေအိမ်ကနေ ထွက်ပြေးတာက လိုက်ဖမ်းပြီးပစ်ခတ်ရှင်းလင်းခဲ့တာ။ ရင်ဘတ်တည့်တည့်ကိုတချက်တည်း ပစ်ခဲ့တာ" လို့ လက်ပံတန်းမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဌေးနိုင်ဟာ ပျဉ်းကတိုးကျေးရွာ ပျူစောထီးခေါင်းဆောင်တဦးလည်းဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် နေရာမှာပဲ သေဆုံးသွားကာ သူကိုင်ဆောင်တဲ့ ရိုင်ဖယ်သေနတ်တလက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဌေးနိုင်ဟာ ၂၀၂၂ လောက်ကတည်းက စစ်ကောင်စီကခန့်အပ်လို့ အုပ်ချုပ်ရေးမှူးဖြစ်လာပြီးနောက် ကျေးရွာအတွင်းလောင်းကစားဝိုင်းထောင် ဆက်ကြေးကောက်သလို တော်လှန်ရေးထောက်ခံသူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့သတင်းတွေကို စစ်ကောင်စီထံသတင်းပေးလို့ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့ဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုကို လက်ပံတန်းမြို့နယ် ပဖက(ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က နွေဦးရောင်ခြည်စစ်ဆင်ရေးအဖြစ် ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။

ဩဂုတ် ၂၄ ရက်ကလည်း  ရေငံကျေးရွာအနီးမှာ စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးဖမ်းမိကာ လက်နက်မျိုးစုံနဲ့ ကျည်ဆန်တွေ သိမ်းနိုင်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#လက်ပံတန်း #ပျဉ်းကတိုးရွာ #အုပ်ချုပ်ရေးမှူး #ပျူစောထီး #ရှင်းလင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10