PDF ဝင်တိုက်မယ့်သတင်းကြောင့် စစ်တောင်းမြစ်ကမ်းနားရွာတွေကို စစ်တပ်က အင်အားဖြည့်တင်းနေ

PDF ဝင်တိုက်မယ့်သတင်းကြောင့် စစ်တောင်းမြစ်ကမ်းနားရွာတွေကို စစ်တပ်က အင်အားဖြည့်တင်းနေ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ကို PDF တွေဝင်တိုက်မယ့် သတင်းကြောင့် စစ်တောင်းမြစ်ကမ်းနားက ကျေးရွာတွေကို စစ်ကောင်စီက အင်အားဖြည့်တင်းနေတယ်လို့ ဝေါမြို့နယ် ပကဖ ထံက သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်လောက်ကစပြီး စစ်ကောင်စီအဖွဲ့ဟာ ဝေါနဲ့ကျိုက်ထိုမြို့နယ်အစပ်က စစ်တောင်းမြစ် ကမ်းနံဘေးကျေးရွာတွေဖြစ်တဲ့ သူရဲသမိန်၊ မြစ်ကျိုး၊ လက်ပံ၊ တနော်ကျွန်း၊ အုတ်ဖို၊ ညောင်ခါးရှည်စတဲ့ ကျေးရွာတွေမှာ စစ်အင်အားတိုးချထားသလို လက်နက်ကြီးတွေလည်း အထိုင်ချထားတယ်လို့ ဆိုပါတယ်။

"ဒီ ၁၇ ရက်နေ့ကို ဝေါကို PDF တွေဘက်က ဝင်တိုက်မယ်လို့ ဘယ်သူတွေက သတင်းဖြန့်ထားလဲ မသိဘူး။ စကစဘက်က အင်အားတွေ တိုးချနေတယ်။ စစ်တပ်က အကောင်ကြီးပိုင်းတယောက်တောင် ထွေအုပ်ရုံးမှာ ကွပ်ကဲဖို့ ရောက်နေတယ်။" လို့ ဝေါမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ နေရာတခုမှာ အင်အား ၂၀ မှ ၄၀ ကျော်လောက်ထိချထားပြီး စုစုပေါင်းနေရာ ၇ ခုလောက်အတွက် အင်အား ၂၀၀ နီးပါး အသုံးပြုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်၊ မြစ်ကျိုး၊ လက်ပံစတဲ့ကျေးရွာစစ်ဆေးရေးဂိတ်တွေမှာ ဒေသခံတွေ သွားလာမှုကို သေချာစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက် မနက် ၁၁ နာရီကျော်မှာ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ထွေအုပ်ရုံးမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပနေချိန် KNLA၊ PDF ပူးပေါင်းတပ်တွေဘက်က ဒရုန်းဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ဝေါမြို့နယ်၊ တနော်ကျွန်း ကျေးရွာကမ်းနားကိုကျပြီး ဒေသခံ ၄ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့နယ် #PDF #စစ်တောင်းမြစ် #စစ်ကောင်စီ #ဝေါမြို့နယ် #ပကဖ #KNLA #အင်အားဖြည့်တင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10