PDF အခြေအနေကင်းထောက်တဲ့ စစ်သား ၁ ဦးကိုအရှင်ဖမ်းဆီးရမိပြီး စစ်ဆေးစဉ် သေဆုံး

PDF အခြေအနေကင်းထောက်တဲ့ စစ်သား ၁ ဦးကိုအရှင်ဖမ်းဆီးရမိပြီး စစ်ဆေးစဉ် သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာ PDF နယ်မြေအခြေအနေကို စုံစမ်းဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို စက်တင်ဘာ ၁၁ ရက် မနေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားဟာ စည်သူသစ်ကွင်းမှာ သစ်ခိုးထုတ်နေတဲ့ စစ်အုပ်စုအဖွဲ့မှ အသက် ၂၅ နှစ် ဝန်းကျင်ရှိစစ်သားဖြစ်ပြီး PDFနဲ့ နယ်မြေအခြေအနေ စုံစမ်းဖို့ထွက်လာစဉ် အဲ့ဒီသစ်ကွင်းအနီးမှာပဲ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

“ ချင်းတွင်းမြစ်အတိုင်း ဖလက်တွေဆန်တော့ စည်သူသစ်ကွင်းကနေ scout(ကင်းထောက်) လွှတ်လိုက်တာကို ကျနော်တို့အဖွဲ့နဲ့တွေ့ပြီး အဖမ်းခံရတာ” လို့ ချိုမိုင်မိုင်တော်လှန်ရေးအင်အားစု သတင်းတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးရမိပြီးနောက် စစ်ဆေးနေချိန်ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာက အဲ့ဒီစစ်ကောင်စီတပ်သား သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“ မိတော့ စစ်ဆေးမေးမြန်းတဲ့အခါ ခုခံပြန်လုပ်တာတော့မရှိဘူး၊ ထွက်ပြေးတာ။ အဲ့ဒါကြောင့် ပစ်လိုက်ရတာ၊ သေသွားပါတယ်။ သူ့ရဲ့အလောင်းကို အဲ့ဒီနေရာမှာပဲထားခဲ့တာ။ ကျနော်တို့က စစ်ကြောင်းတွေနဲ့ အနီးဆုံးရှိနေတာကြောင့်ပါ” လို့  သူက ဆက်ပြောပါတယ်။

အဲ့ဒီ စစ်ကောင်စီတပ်သားမှာ ဓါးတချောင်းသာပါပြီး သူကိုင်ဆောင်တဲ့ ဓားနဲ့ဖုန်းတလုံးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကျောက်ကုန်းရွာအနောက်တောပြင်တနေရာမှာ ချိုမိုင်မိုင်တော်လှန်ရေးအင်အားစုအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဖမ်းဆီးရမိ စစ်ကောင်စီတပ်သား၏ လက်ကိုင်ဖုန်းအတွင်းမှ ဓာတ်ပုံ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ယင်းမာပင် #စစ်ကောင်စီတပ်သား #အရှင်ဖမ်းမိ #PDF #မြေပြင်စကောက် #ချိုမိုင်မိုင် #ပစ်ခတ်ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10