PDF ၂ ဦးနဲ့ အမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က PDF ၂ ဦးနဲ့ အသက်မပြည့်သေးတဲ့ အမျိုးသား ၃ ဦးအပါအဝင် ၈ ဦးကို အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ သတ်ဖြတ်ခဲ့ကြတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့နယ်ထဲကနေထွက်ခွာလာတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်သားတွေနဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ တို့  နန့်သာကုန်းကျေးရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း ရဲဘော် ၁ ဦးအဖမ်းခံရပြီးနောက် ခေါင်းဖြတ်သတ်ခံလိုက်ရတာ ဖြစ်တယ်လို့ ယင်းမာပင် PDF မှ ရဲဘော်တဦး က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက သဲကုန်းကုန်းကျေးရွာထဲကို ဝင်ရောက်ပြီး လူနေအိမ်တွေမှာတညအိပ်ကာ အောက်တိုဘာ ၁၅ ရက်မနက် ရွာကနေထွက်ခွာသွားချိန် ရွာအပြင်မှာ အသတ်ခံထားရတဲ့ ရွာခံအမျိုးသားအလောင်း ၆ လောင်းကိုကျေးရွာသားတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အသတ်ခံရသူတွေမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က ရဲဘော် ၁ ဦးအပြင် သဲကုန်းကျေးရွာက  ကျောင်းသားတွေဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်ခန့်နေနိုင်၊ မောင်သန့်ဇင်ဦး၊ မောင်သန်းထိုက်အောင်၊ အသက် ၃၀ ကျော်အရွယ် ကိုဇော်မောင်၊ ကိုဇော်သူ၊ ကိုမောင်လင်းတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားရာအနီးနားရွာဖြစ်တဲ့ ရနောင်ရွာထဲကို ၀င်ရောက်ကာ PDF ရဲဘော် ၃ ဦးထက်မနည်းကိုဖမ်းဆီးပြီး ၁ ဦးကိုလည်း ခေါင်းဖြတ်သတ်လိုက်တယ်လို့ ယင်းမာပင်‌မြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့၀င်တဦးက ပြောပါတယ်။ 

သတ်ဖြတ်ခံလိုက်ရတဲ့ အချက်အလက်အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားတွေက အခုလို လူသတ်ပြီးစစ်ကြောင်းထိုးနေတာကြောင့် သဲကုန်းရွာ၊ ကုန်းရွာ၊ ပုထိုးသာ၊ လာပို့၊ ရင်ပေါင်တိုင်၊ တင်ဆုံ၊ ဆင်တဲရွာအပါအဝင် ကျေးရွာ ၁၀ ရွာခန့်နဲ့ အခြားဒေသခံ သောင်းနဲ့ချီပြီး ထွက်ပြေးနေကြရပါတယ်။

ယနေ့အောက်တိုဘာ ၁၇ ရက်မှာတော့ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်း ၃ကြောင်းခွဲပြီး လာဘို့ရွာ၊ ဆင်တဲရွာ၊ ရင်ပေါင်တိုင်ရွာတို့မှာဝင်ရောက် တပ်စွဲထားကာ လူနေအိမ်တွေကို မီးရှို့နေကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့ #ပုလဲမြို့နယ် #စစ်ကောင်စီ #စစ်ကြောင်း #PDF #မြေလတ်သတင်း #သတင်း #သတ်ဖြတ်မှု #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10