PDF စိုးမိုးနယ်မြေတွေဘက် စစ်ကောင်စီအင်အား ၅၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

PDF စိုးမိုးနယ်မြေတွေဘက် စစ်ကောင်စီအင်အား ၅၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ထဲနဲ့ မြို့အနီးနားက ရွာတွေမှာ စစ်ကောင်စီဘက်က တပ်မ ၃ ခုနဲ့ တပ်စွဲနေပြီး သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၇ ရက်အထိ စစ်ကောင်စီဘက်ကနေ ကုန်းကြောင်း၊ ရေကြောင်းနဲ့ စစ်ကူစစ်ကြောင်းတွေတက်လာခဲ့ပြီး အခုလက်ရှိ ရွှေပြည်အေးမြို့ထဲမှာ စကခ ၂၀၊ တမခ ၂၂၊ ခမရ ၃၆၅၊ SNA နဲ့ ပျူစောထီးအဖွဲ့တွေ ရှိနေတယ်လို့ ဆိုပါတယ်။

“တပ်ပေါင်းစုတွေ စိုးမိုးထားတဲ့နေရာတွေကိုတော့ စစ်ကြောင်းထိုးမယ်လို့ ကြားရတယ်။ ရန်သူ့ဘက်ကလည်း အင်အားအလုံးရင်းနဲ့ များတယ်။ ဒီအနေထားမှာတော့ အချိန်မရွေး စစ်ကြောင်းထိုးနိုင်တယ်ပေါ့။ ကျနော်တို့ဘက်ကလည်း ပြင်ဆင်ထားတာတွေတော့ ရှိပါတယ်” လို့ HPDF တာဝန်ခံက ပြောပါတယ်။

ရွှေပြည်အေးမြို့ထဲမှာ ၄ ရက်ညကနေ ၇ ရက်အတွင်း စစ်ကောင်စီရဲ့ လက်ချက်နဲ့ တအောင်း အမျိုးသား ၂ ဦး၊ ကျူတာဆရာတဦးနဲ့ ဝမ်းစတားပန်းထိမ်ဆိုင်က ကိုချစ်ကောင်း ဆိုသူတို့ အသတ်ခံထားရကာ၊ ဝမ်းစတား ပန်းတိမ်ဆိုင်၊ ပန်းတိမ်ဆိုင် (အမည်မသိရ)၊ မေမေ့ရင်ကဖေး၊ သုံးရာသီဝပ်ရှော့၊ မြတ်ကောင်းမွန်ကုန်စုံဆိုင်တို့ မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။

ရွှေပြည်အေးတိုက်ပွဲမှာ တပ်ပေါင်းစုရဲဘော်တွေဘက်က ဖေဖော်ဝါရီ ၁ ရက်ကနေ ၄ ရက်နေ့ထိ မြို့ကိုစီးနင်းထားနိုင်ခဲ့ပြီး ညပိုင်းမှာတော့ စစ်ရေးအခြေနေအရ ခွာစစ်လုပ်ခဲ့ကာ၊ စစ်ကောင်စီက သာလွန်အင်အားနဲ့ မြို့ထဲမှာ နေရာပြန်ယူနေတာလည်း ဖြစ်ပါတယ်။

အဆိုပါ မြို့သိမ်းတိုက်ပွဲမှာ ဟုမ္မလင်းမှာရှိတဲ့ စစ်ကောင်စီအင်အားနဲ့ပဲဆိုရင်တော့ မြို့ကိုဆက်သိမ်းထားနိုင်ပေမယ့်၊ စစ်ကောင်စီဘက်က စစ်ကူတပ်တွေက ခန္တီး၊ ဖောင်းပြင်နဲ့ တခြားဒေသတွေဘက်ကပါ သာလွန်အင်အားနဲ့ လာနေတဲ့အတွက် စစ်ရေးအရ ခွာစစ်လုပ်ခဲ့ကြတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ နားလည်ပေးကြဖို့လည်း ရဲဘော်တွေဘက်က ပြောဆိုထားပါတယ်။

ရွှေပြည်အေးမြို့ထဲကို စစ်ကောင်စီတပ်တွေဝင်ကာ မီးရှို့သတ်ဖြတ်တာတွေလုပ်နေလို့ ဒေသခံတွေကတော့ တခြားမြို့မှာရှောင်‌တိမ်းနေကြပြီး၊ အခုလက်ရှိ မြို့ထဲမှာ ဖုန်းလိုင်းဖြတ်တောက်ထားတဲ့အတွက် အခြေနေအတည်ကျကိုတော့ စုံစမ်းဖို့ခက်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ ခန္တီးခရိုင် အမှတ်(၁) တပ်ရင်း-ဟုမ္မလင်း ၊ HPDF-124၊ HPDF ၊ HPDF- မိုးကြိုးအဖွဲ့တို့ပူးပေါင်းပြီး ရွှေပြည်အေးမြို့မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီးနောက် ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှုများပြီး မဟာမိတ်တပ်ပေါင်းစုဘက်ကလည်း ရဲဘော် ၃ ဦး ကျဆုံးခဲ့ရပါတယ်။

ပုံစာ − ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းက ပြည်မြို့မှာ တွေ့ရသည့် စစ်ကောင်စီတပ်သားများ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10