PDF လက်ထဲက အညာဒေသ

PDF လက်ထဲက အညာဒေသ

မြေလတ်အသံ သတင်းအဖွဲ့ ရေးသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force-PDF)ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယခုနှစ် မေလ ဆိုလျှင် ၂ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂ နှစ်တာကာလအတွင်း ရန်သူကို အမှည့်ခြွေ ခြွေခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနားမပေးခြင်း၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဆုတ်လျော့အားပြတ်စေခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့သည်နှင့်အညီ မြန်မာနိုင်ငံအနှံ့တွင် မိမိတို့ စိုးမိုးနယ်မြေများစွာကို တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုထားသည်။

အလားတူ PDF တပ်မတော်ကို မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်းဟူ၍ စစ်တိုင်းကြီး ၃ တိုင်းဖြင့် ဖွဲ့စည်းထားသည်။ တနိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း ၃၀၀ ခန့်နှင့် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များကို မြို့နယ်ပေါင်း ၂၅၀ ကျော် တွင် စနစ်တကျဖွဲ့စည်းထားသည်ဟု ဆိုသည်။

ထို့ကြောင့် လူအင်အားအရ မိမိတို့ တိုက်ခိုက်ရေးအင်အားသည် ရန်သူ့ထက်(စစ်ကောင်စီ) “သာလွန်အင်အား” ဖြစ်အောင် ၂ နှစ်အတွင်း တည်ဆောက်နိုင်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ PDF တည်ထောင်ခြင်း ၂ နှစ်ပြည့်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ တော်လှန်ရေးတိုက်ပွဲများပြင်းထန်ရာ အညာဒေသရှိ PDF များ၏ နယ်မြေစိုးမိုးထားနိုင်မှု၊ ထိန်းချုပ်ထားနိုင်မှုအခြေအနေများသည် NUG အစိုးရ၏ ဖော်ပြထားမှုနှင့် ကိုက်ညီမှုရှိ မရှိ တိတိကျကျသိရှိနိုင်စေရန် ကျွနှ်ပ်တို့ မြေလတ်အသံသတင်းဌာနက စစ်မြေပြင်တွင် လက်တွေ့တိုက်ပွဲဝင်နေကြသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဦးဆောင်သူများနှင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းခဲ့သည်။

ယင်းလေ့လာတွေ့ရှိချက်များကို မြေလတ်အသံ ပရိတ်သတ်ထံသို့ ရေးသားတင်ပြလိုက်ပါသည်။



PDF ၏ အမြူတေ ခရီးအစ

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် ဒီမိုကရေစီကို ပြန်ရလိုသည့် ပြည်သူတွေဟာ လမ်းပေါ်ထွက်ခဲ့ကြသည်။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း တနိုင်ငံလုံး ဆန္ဒပြခဲ့ကြသည်။ ယင်းကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဆက်တိုက်ကျူးလွန်ခဲ့သည်။

ထို့ကြောင့် အကြမ်းဖက်စစ်တပ်အား တုန့်ပြန်နိုင်ရန်အတွက် ပြည်သူတွေဟာ လက်နက်ကိုင်တော်လှန်ရမည့် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို တူမီးသေနတ်နှင့် စခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် တပ်ရင်း ၂၅ မှ ဗိုလ်သံမဏိက သူတို့၏ လက်နက်ကိုင်တော်လှန်ရေး ခရီးအစကို အခုလိုရှင်းပြသည်။

“စတုန်းက သူငယ်ချင်း ၂၁ ယောက်နဲ့ စခဲ့တာ။ အဲတုန်းက စစ်လက်နက်ဆိုတာ ဂိမ်းထဲကလောက်ပဲ မြင်ဖူးတဲ့ အချိန်ပေါ့ဗျာ။ YouTube က ကြည့်တယ်။ လက်နက်ထုတ်လုပ်တဲ့ပုံတွေ လေ့လာတယ်။ အဲဒီကနေတဆင့် တတောင့်ထိုးတွေ စပြီးလုပ်ဖြစ်ခဲ့ကြတယ်”

ဗိုလ်သံမဏိတို့သည် သူတို့ လက်နက်ကိုင်တပ်ရင်းကို စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သူတို့သည် အာဏာမသိမ်းခင်အချိန်က ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ခဲ့ကြသည်။ ယင်းက သူတို့အတွက် လက်နက်ထုတ်လုပ်ရာမှာ အများစွာအထောက်အပံ့ဖြစ်စေခဲ့သည်ဟုဆိုသည်။ အင်အား ၂၀ ဦးနှင့်စခဲ့ကြသည့် သူတို့တပ်ဖွဲ့သည် ၂နှစ်ကြာကာလအတွင်း တပ်ရင်းတခုစာ အင်အားအပြည့်ရှိနေပြီဖြစ်သလို စစ်လက်နက်အနေဖြင့် ပြည့်ပြည့်စုံစုံမဟုတ်သည့်တိုင် အတန်သင့်ပြည့်စုံနေပြီဖြစ်သည်ဟု ဗိုလ်သံမဏိက ဆိုသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သပိတ်ဦးဆောင်သည့် လူငယ်များနှင့် ကျေးရွာထဲမှ တက်ကြွလှုပ်ရှားသူများ တိုင်ပင်ဆွေးနွေးကာ People Defence Force Yesagyo အမည်ဖြင့် လက်နက်ကိုင်တော်လှန်ရေး ကို စတင်ခဲ့ခြင်းဖြစ်သည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ခံ ရဲဘော်ဝေကြီးက ဆိုသည်။

ယင်းသို့ စတင်ခဲ့သော ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယခုအခါ မြို့နယ်အတွင်း အခြေခံစစ်ပညာ သင်တန်းကို အပတ်စဉ် ၂၀ အထိပေးထားပြီးဖြစ်သည်။

“အပတ်စဉ် ၁ ခုကို အယောက် ၁၀၀ နှုန်းနဲ့ပေါ့။ အပတ်စဉ် ၂၀ အထိ လူ ၂၀၀၀ လောက်ကို အခြေခံစစ်ပညာ သင်တန်းပေးထားနိုင်ခဲ့တယ်” ဟု ရဲဘော်ဝေကြီးက ဆိုသည်။

အလားတူ မကွေးခရိုင်အမှတ်-၂ တပ်ရင်း၊ တပ်ခွဲ-၁ People’s Defence Force Yenangyaung စတင်တည်ထောင်စဉ်က အင်အား ၂၀ ဝန်းကျင်နှင့်သာ စတင်ဖွဲ့စည်းခဲ့သော်လည်း ယခုအခါတွင် ကွန်မဒိုတပ်ဖွဲ့များပါ ဖွဲ့စည်းထားနိုင်ပြီဖြစ်သည်။ ယခင်က အမျိုးသားတပ်ဖွဲ့သာထားမည်ဟု ဆုံးဖြတ်ထားခဲ့သော်လည်း ယခုအခါ အမျိုးသမီး တပ်ဖွဲ့ များပါ ဖွဲ့စည်းပေးရသည်အထိ တပ်အာအင်းများတိုးမြင်လာခဲ့သည်ဟု အဆိုပါတပ်ဖွဲ့မှ ဗိုလ်စံသျှားက ဆိုသည်။


PDF လက်ထဲက အညာဒေသ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အများစုသည် ၎င်းတို့အထိုင်ချထားသည့်နယ်မြေမှ စစ်ကောင်စီစစ်ကြောင်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချစခန်းများကို ပြောက်ကျားစစ်နည်းဗျူဟာဖြင့် တိုက်ခိုက်ကြသည်။ ထို့အပြင် စစ်ကောင်စီနောက်လိုက် ဒလန်များနှင့် ပျူစောထီးများကို သုတ်သင်ရှင်းလင်းကြသည်။

ဤနည်းဖြင့် လက်နက်ကိုင်တော်လှန်ရေးကို ၂ နှစ်ကြာဆက်တိုက်ဆင်နွှဲခဲ့ရာ လက်ရှိတွင် PDF တပ်ဖွဲ့များသည် ၎င်းတို့အထိုင်ချထားသည့် ဒေသအတွင်း၌ နယ်မြေထိန်းချုပ်စိုးမိုးထားမှုကို ၇၀ ရာခိုင်နှုန်းအထိ လုပ်ထားနိုင်ပြီဟု မြေလတ်အသံသတင်းဌာနက ဆက်သွယ်မေးမြန်းထားသည့် PDF တပ်ဖွဲ့များကဆိုသည်။

တချို့သောဒေသများတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများကိုပင် ဆောင်ရွက်နေကြပြီဟု မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ PDF တပ်ဖွဲ့များက အတည်ပြုသည်။

ရေစကြို

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ အခြေစိုက်ထားသည့် ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ခံ ရဲဘော်ဝေကြီးက လက်ရှိ PDF များ နယ်မြေစိုးမိုးထားမှုအခြေအနေကို ဥပမာပေးကာ သက်သေပြသည်။

“ကျနော်တို့ လက်နက်ကိုင်လို့ပဲ ဖြစ်ဖြစ်၊ မကိုင်လို့ပဲဖြစ်ဖြစ် အေးအေးဆေးဆေးနေလို့ရတယ်။ သွားလာလှုပ်ရှား လို့ရတယ်။ စစ်ကောင်စီသာ စိုးမိုးထားတယ်ဆိုရင် ကျနော်တို့ ဘယ်သွားလို့ရမှာတုန်း။ ကျနော်တို့ စိုးမိုးထားတဲ့ နေရာမှာလည်း စစ်ကောင်စီကကောင်တွေ လွတ်လွတ်လပ်လပ်လာလို့ ဘယ်ရလိမ့်မတုန်း၊ ဒီအချက်တွေ ကြည့် ရင် ကျနော်တို့စိုးမိုးထားနိုင်တယ်လို့ ပြောလို့ရတယ်” ဟု ရဲဘော်ဝေကြီးက ရှင်းပြသည်။

ယင်းသို့ PDF များက နယ်မြေတွေကို စိုးမိုးထိန်းချူပ်ထားနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် ပုံမှန်ဘဝလို လုပ်ကိုင်စားသောက်နေထိုင်နိုင်သော်လည်း စစ်ကောင်စီအင်အားအပြည့်ဖြင့် စစ်ကြောင်းထိုးလာသည့်အချိန်မျိုး၌ တိန်းရှောင်နေရတာမျိုးတော့ရှိသည်ဟု သူက ထပ်မံဖြည့်စွက်ရှင်းပြသည်။

PDF တပ်ဖွဲ့များသည် သူတို့အခြေစိုက်သည့် ဒေသတွေကို ၁၀၀ ရာခိုင်နှုန်းထိန်းချုပ်ထားဖို့ မလွယ်သည့်တိုင် ယခုလက်ရှိ နယ်မြေထိန်းချုပ်ထားနိုင်မှု အခြေအနေအရ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသည့် အုပ်ချူပ်ရေးအဖွဲ့များ၏ အုပ်ချုပ်ရေးလုပ်ငန်းများလည်ပတ်နေသလို တရားဥပဒေစိုးမိုးရေးလုပ်ငန်းများလည်း ဆောင်ရွက်နေပြီဟု ရဲဘော်ဝေကြီးက ဆိုသည်။

ထို့အပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းက PDF တပ်ဖွဲ့များ စိုးမိုးထားသည့်နေရာရှိ စစ်ကောင်စီ အထိုင်စခန်းတွင်းက စစ်ကောင်စီတပ်သားများသည် သူတို့၏လုံခြုံရေးကို အာမခံချက် မပေးနိုင်တော့သည့်အတွက် လက်ရှိမှာ စခန်းထဲကနေ အပြင် လုံးဝမထွက်ဘဲနေကြရသည်ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။



မြင်းမူ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အခြေစိုက်ထားသည့် People's knight Defense Force Myinmu (PKDF-MMU)အဖွဲ့သည် ဖောက်ကွဲရေးလုပ်ငန်းများကို အဓိကထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည်။ ယခင်ကဆိုလျှင် မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့များသည် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို စစ်ဆေးခြင်းများလုပ်တတ်ကြသည်။

သို့သော် အဆိုပါ စစ်ကောင်စီစစ်ဆေးရေးဂိတ်များကို PKDF-MMU အဖွဲ့က မကြာခဏ မိုင်းထောင်၊ မိုင်းခွဲခြင်းများ ပြုလုပ်ခဲ့သဖြင့် ယခုအခါမှာတော့ စစ်ကောင်စီတပ် သားများအနေနှင့် အင်အား ၅ ယောက်၊ ၆ ယောက်ဖြင့် မြို့ပြင်ကို မထွက်ရဲကြတော့ပေ။ စစ်ဆေးရေးအလုပ်တွေကို မြို့တွင်းမှာသာ လုပ်ရဲကြတော့သည်ဟု PKDF-MMUမှ ခေါင်းဆောင် ဗိုလ်အေးချမ်းက ဆိုသည်။

"နှစ် ၇၀ သက်တမ်းရှိတဲ့ စစ်တပ်ကြီးဟာ မြို့ပြင်တောင် မထွက်ရဲကြတော့ဘူးဗျာ" ဟု သူကမှတ်ချက်ပြုသည်။

စစ်ကောင်စီတပ်များသည် မြို့ထဲတွင်သာ နေရဲသည်ဟုဆိုသည့်တိုင် “စခန်းထဲကနေ ကွမ်းတောင် ထွက်မဝယ်ရဲတော့ဘူး။ လက်ဖက်ရည်ဆိုင်ထွက် မထိုင်ရဲတော့ဘူး။” ဟု မြို့ထဲတွင် နေကြရသည့် စစ်ကောင်စီတပ်သားများ၏ အခြေအနေကို ဗိုလ်အေးချမ်းက ထပ်ရှင်းပြသည်။

လက်ရှိတွင် People's knight Defense Force Myinmu (PKDF-MMU) စိုးမိုးထားသည့် မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေအနေဖြင့် စစ်ကြောင်းထိုးသည့်အချိန်မှလွဲ၍ အထိုင်စခန်းချခြင်း၊ သွားလာလှုပ်ရှားခြင်း များမပြုလုပ်ရဲတော့ဟု သူက ဆိုသည်။

ထို့ကြောင့်လည်း စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်ချက်ဖြင့် မြို့နယ်၊ ရပ်/ကျေးအဆင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းထားနိုင်ပြီး ကျေးရွာ အမှုအခင်းပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဟု ဗိုလ်အေးချမ်းက ပြောသည်။

တန့်ဆည်

နောက်ထပ် မိုင်းထောင်၊ မိုင်းခွဲခြင်းကို အဓိကအားထားကာ တော်လှန်ရေးလုပ်သည့်အဖွဲ့မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်မှာ အခြေစိုက်သည့် MDF-တန့်ဆည် ( Taze Tiger) တပ်ရင်းဖြစ်သည်။

Taze Tiger တပ်ဖွဲ့ဟာ မိုင်းထောင်ခြင်းကို အဓိကအားထား လုပ်ရခြင်းမှာ ငွေကုန်ကြေးကျသက်သာခြင်း၊ ရဲဘော်တွေ အထိအခိုက် နည်းခြင်းကြောင့်ဖြစ်ပြီး ရန်သူအနေဖြင့်လည်း မိုင်းကို ပို၍ကြောက်ကြသဖြင့် မိုင်းကို အသုံးပြုရခြင်းဖြစ်သည် ဟု Taze Tiger အဖွဲ့မှ ဗိုလ်ကျားက ရှင်းပြသည်။

တန့်ဆည်မြို့၏အနောက်ဘက်ခြမ်းကို Taze Tiger အဖွဲ့က စိုးမိုးထားသည်။ ယခင်ကဆိုလျှင် စစ်ကောင်စီတပ်ဖွဲ့ များသည် တန့်ဆည်မြို့အနောက်ဘက်သို့ ခြေလျင်စစ်ကြောင်းများ ထိုးတတ်ကြသည်။ အခုတော့ စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း လုံးဝမလာတော့။ ယခု မေလ ဒုတိယပတ်တွင် တန့်ဆည်မြို့၏ အနောက်ဘက်သို့ စစ်ကောင်စီစစ်ကြောင်းထိုးခဲ့သေးသည်။

သို့သော် ဒေသခံ PDF ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့တာကြောင့် Taze Tiger အဖွဲ့က သတ်မှတ်ထားသည့် တန့်ဆည်အနောက်ဘက်နယ်အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ဟု ဗိုလ်ကျားက ဆိုသည်။

“သူတို့ ဒီဘက်ကို မလာနိုင်တာ ကာလအားဖြင့် ၇ လ၊ ၈ လလောက်ကတော့ သူတို့ ဒီဘက်ကို လုံးဝမလာနိုင်သလောက်ကို ဖြစ်နေပါပြီဗျ” ဟု သူက ဆက်ပြောသည်။

တန့်ဆည်အနောက်ဘက်တွင် စစ်ကောင်စီရဲစခန်းတခုကျန်နေသေးသည်။ အဆိုပါ ရဲစခန်းသည် ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့များကို ဘာမှမလုပ်နိုင်တော့သလို PDF တွေကိုယ်တိုက်ကလည်း ဒေသခံပြည်သူများ၏ လုပ်ငန်းများကို ငဲ့ကွက်ကာ အဆိုပါရဲစခန်းကို ဘာမှမလုပ်ဘဲ သည်အတိုင်းထားထားသည်ဟု ဗိုလ်ကျားက ဆို သည်။

“သူတို့ထက်စာရင် ကျနော်တို့ကတော့ နေရာအနှံ့အပြားမှာ ထိန်းချုပ်နယ်မြေလုပ်ထားနိုင်တယ်။ မြို့အနား ဝန်းကျင် ၂ မိုင်လောက်အနားထိအောင် စခန်းတွေ၊ တပ်စု၊ တပ်ခွဲတွေ လွှတ်ထားတာရှိတယ်” ဟု သူက ဆက် ပြောသည်။

Taze Tiger အဖွဲ့သည် စစ်ကောင်စီ၏ လေကြောင်းရန်ကလွဲ၍ မြေပြင်စစ်ကြောင်းတွေကို ဂရုစိုက်စရာမလိုတော့ဘူးဟုဆိုသည်။ သူတို့တပ်ဖွဲ့တွေအနေဖြင့် တန့်ဆည်မြို့ကို ဝိုင်းထားသည့် အခြေအနေတွင်ရှိသည်။ ပြီးလျှင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများလည်း လှည်ပတ်နေနိုင်ပြီဟုဆိုသည်။



မုံရွာ

မုံရွာခရိုင်တပ်ရင်း ၂၅မှ တာဝန်ခံ ဗိုလ်သံမဏိက PDF ထူထောင်ခြင်း ၂ နှစ်ပြည့်ကာလအတွင်း စစ်ကောင်စီ၏ တပ် စခန်းသိမ်းတချို့နှင့် ပျူစောထီးကျေးရွာတချို့ကို သိမ်းပိုက်တာတွေအထိ လုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

မုံရွာမြို့နယ်သည် စစ်ကောင်စီတပ်၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တည်ရှိရာမြို့ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်နှင့် အနီးဆုံးနယ်မြေများမှာပင် စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းနှင့် ပျူစောထီးကျေးရွာတွေကို မသိမ်းပိုက်နိုင်ပါကလည်း စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် ဆေးဝါးဖြတ်တောက်တာတွေလုပ်ပြီးဖြတ်လေးဖြတ်ပုံစံကို ကျင့်သုံးနေသည်ဟု ဆိုသည်။

“အဲဒီလိုမျိုးတွေ နေ့၊ ည စောင့်ကြည့်ပြီးတိုက်ခိုက်တာဆိုတော့ မြို့ကြီးတွေကလွှဲလို့ ဒီဘက်နယ်တွေမှာတော့ ရဲစခန်း၊ ဗျူဟာတွေအကုန်လုံးက စခန်းထဲက စခန်းအပြင်တောင် မထွက်ရဲဘူး” ဟု ဗိုလ်သံမဏိက ပြောသည်။

စစ်ကောင်စီက PDF များထိန်းချုပ်ထားသည့်ဒေသအတွင်းက သူတို့၏ တပ်စခန်းများ၊ ရဲစခန်းများနှင့် ပျူစောထီး ကျေးရွာတွေကို လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများပို့ဆောင်မည်ဆိုပါက စစ်ကြောင်းနှင့် လုံခြုံရေးယူပြီး ပို့ဆောင် ပေးရသည်ဟုဆိုသည်။

ဤအချက်တွေကို ကြည့်ချင်းအားဖြင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအနေဖြင့် နယ်မြေထိန်းချုပ်ထားမှု ဘယ်လောက်ရှိသည်ဆိုတာကို ခန့်မှန်း၍ရနိုင်သည်ဟု ဗိုလ်သံမဏိက ရှင်းပြသည်။

မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ လှုပ်ရှား၊ နေထိုင်ကြရသည့်အဖြစ်ကို ဗိုလ်သံမဏိက အခုလိုရှင်းပြသည်။

“သူတို့အကုန်လုံးက ကျနော်တို့နယ်မြေထဲမှာ စခန်းရှိတယ်ဆိုရင်တောင်မှ စခန်းအတွင်းကနေ စခန်းအပြင်ကို ထွက်လို့ မရဘူး၊ မထွက်ရဲတော့ဘူး။ သူတို့ဘယ်လိုမှ လှုပ်ရှားလို့ မရဘူး။ ပြည်သူကြားမှာလည်း ဘယ်လိုမှ ဝင်ဆံ့အောင်နေလို့ မရဘူး။ စစ်ကြောင်းထိုးလာတဲ့အချိန်က လွှဲရင် သေဖို့ထိုင်စောင့်နေရတာနဲ့ အတူတူပဲလို့ ပြောချင်တယ်”

ထို့ကြောင့် မုံရွာမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ မြို့နယ်၊ ရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကိုပါ ဆက်တိုက်ဖွဲ့စည်းနိုင်သလို အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို NUG အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပြီဖြစ်သည်ဟု သူကဆက်ရှင်းပြသည်။

သို့သော် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာသည့်အချိန်ဆိုပါက ဗိုလ်သံမဏိတို့အနေဖြင့် အပြင်းအထန် ကာကွယ်ရတာမျိုးရှိသလို ကျေးရွာနေပြည်သူများမှာလည်း စစ်ကောင်စီ၏ ဝေးရာသို့ ထွက်ပြေးထိန်းရှောင်ရတာမျိုးတော့ရှိသည်ဟု ဆိုသည်။

ပုံမှန်အချိန်များဆိုပါက သူတို့၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအလုပ်တွေကို ပုံမှန်လုပ်နိုင်နေပြီဟုဆိုရင် သူက အခုလိုဆက်ပြောသည်။

“စစ်ကိုင်းတိုင်းထဲမှာ ကျနော်တို့အနေနဲ့ ဘယ်မြို့နယ်ကိုပဲသွားချင် သွားချင် စိတ်ကြိုက်စိတ်လွတ်၊ လက်လွတ် သွားလို့ရတယ်။ ကိုယ်အဖွဲ့အစည်းတွေပဲရှိတာဆိုတော့။ ကြိုက်တဲ့မြို့နယ်ကိုသွားလို့ရတယ်” ဟု ဗိုလ်သံမဏိက ဆိုသည်။

ရွှေဘို

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေဖြင့် ဒေသတွင်း နယ်မြေစိုးမိုးမှုတွေ၊ ထိန်းချုပ်မူတွေလုပ်နိုင်ပြီဖြစ် သော်လည်း တချို့သော စစ်ကောင်စီတပ်အထိုင်ချစခန်း၊ ရဲကင်းစခန်းများကို သိမ်းပိုက်ရန်မှာ အကန့်အသတ် များရှိနေသေးသည်။ ယင်းမှာလည်း တခြားမဟုတ်ဘူး။


စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်လိုက်ပါက စစ်ကောင်စီက အသိမ်းပိုက်ခံရသည့်စခန်းအနီးဝန်းကျင်ရှိ ကျေးရွာများကို လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်များကို ကျူးလွန်တာကြောင့် တချို့သောစစ်ဆင်ရေးများကို မလုပ်နိုင်ဘဲ ချင့်ချိန်နေရခြင်းဖြစ်သည်ဟု ရွှေဘိုခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

“ကိုယ်ကအထိုင်တခုကို တိုက်လိုက်ပြီ၊ ဟုတ်ပြီ အောင်သွားပါပြီ။ စစ်သားတွေ၊ ရဲတွေ၊ ပျူတွေ သေပြီထားပါဦး။ နောက်ထပ် စစ်ကြောင်းတွေထိုးပြီး အဲဒီအနားပတ်ချာလည်မှာ နာပြီသာ မှတ်ပေတော့။ ကျနော်တို့မှာ အဲဒါမျိုးတွေချိန်ရတာရှိတယ်” ဟု သူက ဆက်ပြော သည်။

ရွှေဘိုခရိုင်အတွင်းရှိ စစ်ကောင်စီအထိုင်စခန်းများကို မသိမ်းပိုက်သေးသော်လည်း ယင်းစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အထိုင်စခန်းချရာ မြို့ပြင်သို့ မထွက်ရဲကြ။ ၎င်းတို့ မြို့ပြင်သို့ထွက်လာမည်ဆိုပါကလည်း တိုက်ခိုက်မည့် PDF တပ်ဖွဲ့ဝင်များက အဆင်သင့်ရှိနေပြီးသားဖြစ်သည်ဟု သူက ရှင်းပြသည်။

ရွှေဘိုမြို့နယ်အတွင်းမှာဆိုလျှင် စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချထားသည့် ကျေးရွာ ၇ ခုရှိသည်။ အဆိုပါ ကျေးရွာများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးများကို စစ်ကောင်စီစစ်ကြောင်းဖြင့် လက်နက်၊ ခဲယမ်း၊ ရိက္ခာများလာပို့သည့် အချိန်များရှိသည်။ ယင်းစစ်ကြောင်းလာရောက်သည့်အချိန်မှလွဲ၍ ကျန်အချိန်များတွင် စစ်ကောင်စီတပ်သားများသည် ရွာအပြင်သို့ မထွက်ရဲကြဟု ရွှေဘိုခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

“စစ်ကြောင်းမထိုးဘူးဆိုရင် နယ်မြေအကုန်လုံးက ကျွနှ်ပ်တို့ စိုးမိုးထားတာပဲ။ ကိုယ့်မြို့နယ်မှာရှိတာ ရွာပေါင်း ၂၀၀ ကျော်ဆိုတော့ တွက်ကြည့်ရင် ကျနော်တို့က ၉၀ ကျော်နယ်မြေစိုးမိုးထားတာပေါ့။ နယ်မြေရဲ့ တရားစီရင် ရေး၊ အုပ်ချုပ်ရေးရော NUG ရဲ့ ယန္တရားကလည်းပတ်နေတော့ စစ်ကောင်စီရဲ့ အစိုးရယန္တရားက လုံးဝကို လည်ပတ်မရတော့ဘူး” ဟု သူက ထပ်ပြောသည်။



ပုလဲ


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အခြေစိုက်လှုပ်ရှားသည့် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ခေါင်းဆောင် ဗိုလ်နဂါးက PDF တွေအနေဖြင့် နယ်မြေလှုပ်ရှားသည့်အဆင့်၊ စိုးမိုးသည့်အဆင့်၊ ထိန်းချုပ်သည့်အဆင့်နှင့် နောက်ဆုံး လွတ်မြောက်သည့်အဆင့်ဟူ၍ အပိုင်း လေးပိုင်းခွဲခြားပြသည်။

၂ နှစ်တာကာလအတွင်း PDF တပ်ဖွဲ့များသည် နယ်မြေလှုပ်ရှားသည့်အဆင့်မှ ဒေသတွင်းစိုးမိုးသည့်အဆင့်ကို ရောက်လာခဲ့ပြီး နယ်မြေထိန်းချုပ်သည့်အဆင့်လို့ ပြောလို့ရနိုင်သည့် မြို့၊ ရွာများတွင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၊ ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့အပြင် ဒေသခံပြည်သူတွေအတွက် ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍများကိုလည်း လုပ်ဆောင်လာနိုင်သည်ဟု ဗိုလ်နဂါးကဆိုသည်။

သို့သော် ယင်းသို့ နယ်မြေထိန်းချူပ်ထားနိုင်သည့်တိုင် ဘာကြောင့် ကျေးရွာတွေ မီးရှို့ဖျက်စီးခံနေရသလဲဆိုသည့် မေးခွန်းကို ဗိုလ်နဂါးက သူ့ဘာသာသူ မေးခွန်းထုတ်ကာ ယခုလို ပြန်ရှင်းပြသည်။

စစ်ကောင်စီတပ်များသည် ၎င်းတို့ ပြင်းပြင်းထန်ထန်တိုက်ခံရပါက ယင်းဒေသကို လေကြောင်း အသုံးပြုကာ မြေပြင်နှင့် ညှပ်တိုက်သည့် ပုံစံမျိုးဖြင့် တိုက်ပွဲဗျူဟာကိုဆင်ကြသည်။ ပြီးလျှင် ကျေးရွာတွေကို ဖျက်ဆီးသည်။ မီးရှို့ကြသည်။ သို့သော် လေကြောင်းအသုံးပြုပြီး စစ်ကြောင်းအလုံးအရင်းဖြင့် ဝင်တိုက်တာမျိုးမလုပ်နိုင်သည့် အချိန်များဆိုလျှင် PDF စိုးမိုးနယ်မြေထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်-

“ခြံထဲမှာ ပိတ်မိနေတဲ့ ခွေးရူးတွေလိုပဲ။ အပြင်ဘက်ကို ခေါင်းတောင် မပြုရဲဘူး။ ဒါကတော့ ကျနော်တို့ရဲ့ စိုးမိုးနိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းလို့ပဲ ပြောရပါမယ်” ဟု ပုလဲမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများမှ စကစတပ်ဖွဲ့ဝင်များ သူတို့ စခန်းအပြင်ဘက်ကိုတောင် သူတို့ မပိုင်တော့သည့် အခြေအနေကို ဗိုလ်နဂါးက ရှင်းပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် နယ်မြေတချို့၌ ဒေသစိုးမိုးရေး၊ ထိန်းချုပ်ရေးများကို ၂၀၂၂ ကတည်းက လုပ်နိုင်ထားပြီးဖြစ်ရာ အုပ်ချုပ်ရေးလုပ်ငန်းများကို ထိုအချိန်ကတည်းကပင် လည်ပတ်နေကြပြီဖြစ်သည်။ ပြည်သူပိုင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများအထိ ဖွင့်နိုင်ခဲ့ပြီးဖြစ်သည်ဟု ဗိုလ်နဂါးက ဆိုသည်။

သို့သော် လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြိုင်မြို့နယ်၊ မကျည်းကန်ရွာက ဆေးရုံကို စစ်ကောင်စီစစ်ကြောင်းကို ဝင်ရောက်အကြမ်းဖက်ပြီး ဆရာဝန်၊ သူနာပြုနှင့် လူနာများကို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ ရေဦးမြို့နယ်အတွင်းက စာသင်ကျောင်းကို မိုင်းခွဲဖျက်ဆီးခြင်းစသည့်ကိစ္စများကိုတော့ တိရိစ္ဆာန်စိတ်ပေါက်နေသည့်လူများ အင်အားကြီးနေသည့် လက်ရှိအချိန်တွင် ရှောင်လွှဲ၍ ရနိုင်မည်မဟုတ် ကြောင်း သူက ရှင်းပြသည်။

“လျှပ်တပြတ်ဗုံးကြဲတဲ့ကိစ္စမျိုးကတော့ ဘယ်လိုမှ တားဆီးလို့မရနိုင်ဘူး။ သူတို့တွေ (စစ်ကောင်စီတပ်) လုံးဝအမြစ်ပြတ်သွားမှပဲရမယ်” ဟု ဗိုလ်နဂါးက မှတ်ချက်ပြုသည်။

စစ်ကောင်စီအနေဖြင့် အညာဒေသတွင် စစ်ကြောင်းထိုးခြင်း၊ လေကြောင်းဖြင့် ရုတ်တရက်ဝင် ရောက်တိုက်ခိုက် ခြင်းစသည့်အချိန်များတွင်သာ PDF တပ်ဖွဲ့များကို ခြိမ်းခြောက်နိုင်ပြီး ကျန်အချိန်များတွင် စစ်ကောင်စီ၏ဒေသ အုပ်ချုပ်ရေးယန္တရားကို အသေးစားတောင် မလည်ပတ်နိုင်ခြင်း မရှိပေ။

“ပုလဲမြို့ပေါ်မှာ ထွေအုပ်ရုံးတောင်မှ ရုံးလုပ်ငန်းဘာမှ မလုပ်နိုင်တော့ဘူး။ အဲဒါဆို မှန်းကြည့်ပေါ့ဗျာ သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားဘယ်လောက်ထိစုတ်ပြတ်သွားပြီလဲဆိုတာ။ မြို့ပေါ်က အုပ်ချုပ်ရေးယန္တရားတောင် အသေးစား မလည်ပတ်နိုင်တော့ဘူး။ ၄ လပိုင်းတုန်းက အဲဒီအုပ်ချုပ်ရေးရုံးကိုပါ ကျနော်တို့ ဖောက်ခွဲပစ်လိုက်တယ်။ နံရံတွေပါ ပြိုကျသွားတဲ့အထိပဲ” ဟု ဗိုလ်နဂါးက ထောက်ပြသည်။

အထက်ပါအချက်သည် ပုလဲဒေသတွင် PDF တပ်ဖွဲ့များ မည်မျှအထိစိုးမိုးထိန်းချုပ်ထားနိုင်ပြီဆိုတာကို သက်သေ ပြနိုင်သည့် အောင်မြင်မှုပြယုဒ်တခုဖြစ်သလို စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားရော၊ စစ်ရေးပါ ကျရှုံးမှုသက်သေပဲဟု ဗိုလ်နဂါးက ဆိုသည်။



လက်တကမ်းက အောင်ပွဲ

စစ်အာဏာရှင်တွေကို တွန်လှန်ချေမှုန်းနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထူထောင် ဖွဲ့စည်းခြင်း ၂ နှစ်ကြာကာလတွင် PDF များသည် နယ်မြေလှုပ်ရှားသည့်အဆင့်၊ နယ်မြေစိုးမိုးသည့်အဆင့်နှင့် နယ်မြေထိန်းချုပ် သည့်အဆင့်မှ နောက်ဆုံး လွတ်မြောက်သည့်အဆင့်ထိ ဆက်လက်တိုက်ပွဲဝင်ရဦးမည်ဟု မြန်မာ့တော်ဝင်နဂါး တပ်တော် MRDA ခေါင်းဆောင် ဗိုလ်နဂါးက အသိပေးသည်။

နောက်ဆုံးအဆင့်ဖြစ်သည့် အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး တော်လှန်ရေးအောင်မြင်ဖို့သည် ပြည်သူများ၏ ထောက်ခံပါဝင်မှုနှင့် ခေါင်းဆောင်များ၏ စည်းလုံးညီညွတ်မှုသည် အဓိက အရေးကြီးသည်ဟု သူက မှတ်ချက်ပြုသည်။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပြည်သူလူထုက နည်းမျိုးစုံဖြင့် ထောက်ခံဆန္ဒပြခဲ့ကြသလို အာဏာ ရှင်စနစ်ကို အမြစ်ပြတ်နေသည့် လက်နက်ကိုင်တော်လှန်ရေးတွင်လည်း ပြည်သူလူထုအနေဖြင့် တတ်နိုင်သည့် နေရာမှ ပါဝင်သင့်သည်ဟု ဗိုလ်နဂါးက အကြံပြုသည်။

“လူထုတွေက ထောက်ခံနေဖို့ထက် ဒီထက်ပါဝင်ကြဖို့လိုတယ်။ ဘယ်နေ့ပြီးမလဲလို့ မျှော်လင့်တကြီးမေးနေတဲ့ လူတွေက ဘယ်နေရာက ဝင်ပြီး တာဝန်းထမ်းရမလဲဆိုတဲ့ မေးခွန်းကို မေးပြီးပါဝင်လာကြဖို့လိုတယ်” ဟု ဗိုလ်နဂါးက ဆိုသည်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းရှိ လက်နက်ကိုင် အင်အားအကြီး အငယ်အားလုံးတို့သည် မတူကွဲပြားမှုတွေကို အသိအမှတ်ပြုလက်ခံကာ တဖွဲ့နှင့်တဖွဲ့ ချိန်း(Chain)တွေလို ချိတ်ဆက်ပြီး တော်လှန်ရေးကိုရှေ့ဆက်သွားသင့်သည်ဟု သူက အကြံပြုသည်။

“နိုင်ငံရေး အင်အားစု၊ လက်နက်ကိုင်အင်အားစု၊ ပြည်သူတွေရဲ့ပါဝင်မှု အဲဒါကို စနစ်တကျလေး တည်ဆောက်နိုင်အောင် လုပ်ဖို့လိုတယ်။ အဲဒါတွေကို လမ်းကြောင်းမှန်မှန်နဲ့ ရိုးရိုးသားသား ခေါင်းဆောင်းမယ့် ခေါင်းဆောင်တွေလည်း လိုသေးတယ်” ဟု သူက ထပ်မံဖြည့်စွက်သည်။

နွေဦးတော်လှန်ရေးကြီးအမြန်အောင်မြင်ဖို့ နောက်ထပ် သတိထားရမည့်အရေးကြီးအချက်တခုကိုလည်း သူက ထပ်မံ သတိပေးထောက်ပြသည်။

ယင်းက တော်လှန်ရေးကြီးနှင့်အတူပါလာသည့် ကိုယ်ကျိုးရှာသမားများဖြစ်သည်။ ၎င်းတို့သည် တော်လှန်ရေး ကြီးတွင် မပါဝင်ကြသည်မဟုတ်။ ထောက်ခံပါဝင်အားပေးကြသည်။ သို့သော် တော်လှန်ရေးကြီး အမြန်ပြီးသွားစေမည့် အချက်ကိုတော့ ရှောင်ရှားကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခတွေကို နာတာရှည်ရောဂါသည်ကြီးသဖွယ်မွေးမြူကာ စီးပွားရေးလုပ်စားသည့် နိုင်ငံရေးသမားများကို တော်လှန်ရေးမှ ဖယ်ရှားပစ်ရမည်ဖြစ်သည်ဟု သူကဆိုသည်။

“အဲဒါတွေကိုလည်း သတိထားပြီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရင် ရဲရဲတင်းတင်းဖော်ထုတ်ဖယ်ရှားဖို့ လည်း လိုတယ်” ဟု တော်လှန်ရေးအမြန်အောင်မြင်ဖို့အတွက် လုပ်ဆောင်ရမည့်အချက်တခုကို ဗိုလ်နဂါးက ထောက်ပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေဖြင့် နောက်ထပ် နယ်မြေတွေ စိုးမိုးထိန်းချုပ်နိုင်ဖို့နှင့် တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် အဓိကလိုအပ်နေသည့်အချက်မှာ လက်နက်ထောက်ပံ့ရေးဖြစ်သည်ဟု မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ PDF အဖွဲ့များက တညီတညွတ်တည်းဖြေကြားကြသည်။

မြေလတ်သတင်းဌာန၏ မေးမြန်းမှုများအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အများစု ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းအများစုသည် PDF တပ်ဖွဲ့များမှ ကိုယ်တိုင်ထုတ်လုပ်တာရှိသလို အလှူရှင်ပြည်သူများ၏ ထောက်ပံ့မှုဖြင့် ဝယ်ယူထားတာလည်းရှိသည်။ သို့ဖြင့်၍ PDF တပ်ဖွဲ့များအနေဖြင့် အရေအသွေးကောင်းသည့် လက်နက်ခဲယမ်းရရှိဖို့လိုအပ်သလို လက်နက်ခဲယမ်းပြည့်စုံဖို့လည်း လိုအပ်သည်ဟု PDF များက ဆိုကြသည်။

ထို့ကြောင့် တော်လှန်ရေးနောက်တဆင့်တက်လှမ်းနိုင်ဖို့အတွက် ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲ့ တာဝန်ခံ ရဲဘော်ဝေကြီးက အခုလိုမှတ်ချက်ပေးသည်။

“လက်နက်ခဲယမ်းတွေ တောင့်တင်းအားကောင်းဖို့လိုပါတယ်။ လက်နက်ခဲယမ်းမရှိဘဲနဲ့လည်း နယ်မြေစိုးမိုးရေးတွေ လုပ်လို့မရဘူး။ စစ်ကောင်စီကို တိုက်လို့ မရဘူး။ လက်နက်ခဲယမ်းရဖို့ အရေးကြီးပါတယ်။ အဲတော့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း လက်နက်ခဲယမ်းထောက်ပံ့မှုတွေကို ဒီထက်ပိုပြီး ကြိုးစားဆောင်ရွက်ပေး ပါလို့ ကျနော် အနူးညွတ်တောင်းဆိုပါတယ်”

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10