SNA နယ်မြေစိုးမိုးထားတဲ့ ဗန်းမောက် ဇလုံတောင်ကို စစ်ကောင်စီပြန်ဖွင့် (ရုပ်/သံ)■ပြည်သူတွေ မလည်ပတ်ကြဖို့ ဒေသခံတွေ သတိပေး

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော်-SNAတို့ နယ်မြေစိုးမိုးထားတဲ့ ဇလုံတောင် တောင်တက်ခရီးစဥ်ကို စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ပြန်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၆ ရက်က ဗန်းမောက်မြို့ထဲက မြို့တော်ခန်းမမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ SNA တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သံဃာတချို့ပူးပေါင်းပြီး ဇလုံတောင် ဘုရားဖူးခရီးစဉ်နဲ့ တောင်တက်မော်တော်ယာဉ်လိုင်းတွေကို အခမ်းအနားနဲ့ ပြန်ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

“စစ်တပ်ဘက်က ပြန်ဖွင့်ပြီဗျ၊ ဇလုံတောင်တင်မကဘူး အကုန်အဖွင့်နဲ့ ကစားနေတာ။ အဓိက ကတော့ SNAစိုးမိုးထားတယ်ဗျ။ ဇလုံတောင် ဖွင့်တဲ့ရည်ရွယ်ချက်က မြို့သိမ်းအတွက် စုဖွဲ့မှု၊ နေရာယူမှုတွေကို သိချင်လို့နဲ့ လူသားဒိုင်းလုပ်ဖို့ တွေ့ရတယ်။”လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဗန်းမောက်ဒေသခံတဦးက ပြောပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် မြို့နဲ့ ၈ မိုင်ခန့်သာဝေးတဲ့ ဇလုံတောင်ကို ၂၀၂၂ ခုနှစ်ထဲက ဘုရားဖူးလာရောက်သူတွေ နည်းပါးသွားတာဖြစ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှာတော့ အသွားအလာလုပ်သူ မရှိကြတော့ဘူးလို့ ဗန်းမောက်ဒေသခံတဦးက ဆိုပါတယ်။

ဇလုံတောင် ပြန်ဖွင့်ပေးတာနဲ့ ပတ်သက်ပြီး ကားဆရာတချို့ကို မေးမြန်းကြည့်ရာမှာတော့ အခုကာလက သွားရောက်လည်ပတ်ဖို့ မသင့်တော်သလို နယ်မြေက စိတ်ချရတဲ့ အခြေအနေမှာမရှိတာကြောင့် ဘုရားဖူးကား ပြေးဆွဲတာတွေ မလုပ်သေးဘူးလို့ ဒေသခံတွေနဲ့ ခရီးစဥ် ပြေးဆွဲနေကျ ကားဆရာတွေက ပြောပါတယ်။

“ရွှေဘို-အင်းတော်-ဗန်းမောက် ဘုရားဖူးကားတွေ မလာတာမှကြာပြီ။ သူတို့ကတော့ တမင်သပ်သပ် ပြည်သူတွေကို ကာဗာလုပ်ချင်လို့နေမှာပါ။ **မတွေလောက် ၁ ယောက် ၂ ယောက်တော့ သွားချင်လည်း သွားမှာပေါ့။ ဒါပေမယ့် တော်တော်များများကတော့ ဒီဘက် အင်းတော် ဗန်းမောက်ဆို အခြေနေမကောင်းမှန်းသိတော့ ဘယ်သူမှ မလာဘူးညယ်။”လို့ အင်းတော်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့ပေါ်မှာရှိတဲ့ ဒေသခံအများစုဟာ အဓမ္မစစ်သားစုဆောင်းခံရမယ့် အန္တရာယ်ကို ရှောင်ဖို့အတွက် မြို့ထဲကနေထွက်ခွာနေကြတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းဆုံလမ်းခွတွေမှာ ပြည်သူတွေပြန်လာကြဖို့ ဖိတ်ခေါ်စာတွေ ကပ်ထားတယ်လို့လည်း သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#ဗန်းမောက် #ဇလုံတောင် #ဘုရားဖူး #ခရီးသွား #စစ်ကောင်စီ #snacks

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10