Silent Strike မဖြစ်အောင် စစ်အုပ်စုက ဆိုင်ကယ်တွေဖမ်းပြီး ပြန်ရွေးခိုင်းနေ

Silent Strike မဖြစ်အောင် စစ်အုပ်စုက ဆိုင်ကယ်တွေဖမ်းပြီး ပြန်ရွေးခိုင်းနေ

မကွေးမြို့ပေါ်က ဒေသခံတွေအနေနဲ့ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်မှာ Silent Strike − အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်မဖြစ်စေဖို့ရည်ရွယ်ပြီး စစ်ကောင်စီ တပ်သားတွေနဲ့ရဲတွေက လမ်းသွားပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဇန်နဝါရီလ ၃၀ ရက် ဒီမနက်ကစလို့ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

စစ်အုပ်စုက အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးထားတဲ့ ဆိုင်ကယ်အစီးရေ  ၅၀ ကျော်ရှိနေပြီး ဒီဆိုင်ကယ်တွေကို လာမယ့်ဖေဖော်ဝါရီလ ၁ ရက်မနက် ၁၁ နာရီလောက်မှာ မြို့တော်ခန်းမထဲကနေ ပြန်ရွေးယူရမှာဖြစ်တယ်လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

"မော်တော်ပီကေတွေက အထိုင်မှာနေတယ်။ လေတပ်၊ကြည်းတပ်နဲ့ ရဲတွေက ဒီနေ့မှ စဖမ်းနေတာ။ ဆိုင်ကယ်ဦးထုတ်ပါရင်လည်း ရပ်ခိုင်းတယ်။ လိုင်စင်စစ်တယ်။ ဘက်မှန်စစ်တယ်။ အကုန်စုံမှ သွားခိုင်းတယ်။ မစုံရင် ဆိုင်ကယ်ကို ထားခဲ့ရတယ်။ ၁ ရက်နေ့မှာ ပြန်လာယူရမယ်ဆိုပြီးတော့ ဖမ်းနေတာ" လို့ ဆိုပါတယ်။

ဗိုလ်ချုပ်လမ်း၊ မေတ္တာလမ်း၊ သစ္စာလမ်း၊ အဝိုင်းပတ်စတဲ့နေရာ ၈ ခုမှာ အထိုင်ချဖမ်းဆီးနေတဲ့အပြင် လမ်းကြို၊လမ်းကြားတွေကိုလည်း ဝင်ရောက်ဖမ်းဆီးနေတာဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

"ပြောရမယ်ဆိုရင် တမြို့လုံးမှာပတ်ပြီးတော့ ဖမ်းနေတာ။ အခုဖမ်းတာက ဒဏ်ငွေမဆောင်ရဘူးပေါ့။ ၁ ရက်နေ့မနက် ၈ နာရီကနေ ၁၁ နာရီအချိန်အတွင်းမှာ ဆိုင်ကယ်ကို လာယူရမှာ၊ အဲဒီအချိန်က Silent Strike အချိန်မှာပေါ့။ လမ်းမှာ တိတ်ဆိတ်မနေဘဲ လူတွေသွားလာနေကြတာကို ဖော်ပြချင်နေကြတာပေါ့" လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့တွေအနေနဲ့ ဇန်နဝါရီလ ၃၀ ကနေ ၃၁ ရက်အထိ ၂ ရက်အတွင်း ဆိုင်ကယ်အစီးရေ ၅၀၀ ဖမ်းဆီးမှာ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အလားတူ မကွေးမြို့ အဝေးပြေးကားဂိတ်တွေမှာလည်း ဖေဖော်ဝါရီ ၁ ရက်မှာ နားထားတဲ့ကားတွေကအစ မထွက်မနေရထွက်ရမယ်ဆိုပြီး စစ်ကောင်စီက အမိန့်ထုတ်ထားတာလို့ ကားဆရာတဦးက ပြောပါတယ်။ 

“အဝေးပြေးကားဂိတ်တွေကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နားထားတဲ့ယာဥ်ကအစ မထွက်မနေရ အမိန့်ထုတ်ထားပါတယ်။ လိုက်မယ့်ခရီးသည်မရှိပဲ ထွက်ရရင် ရှုံးမှာပေါ့၊ မကွေးစစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ အသံတိတ်သပိတ်လုပ်ကြမယ့် အာဏာသိမ်း ၂ နှစ်ပြည့် အထိမ်းအမှတ်ကို ကြောက်လန့်ပြီး ထင်မိထင်ရာ အမိန့်အမျိုးမျိုးတွေထုတ် လူစည်ကားအောင် လုပ်ချင်တဲ့ ရည်ရွယ်ချက်ပါ” လို့ ပြောပါတယ်။ 

လာမယ့်ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူ့နွေဦးတော်လှန်ရေးကြီး ၂ နှစ်ပြည့်တဲ့အနေနဲ့ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်” (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10