Tampon ရဲ့ ကောင်းကျိုး၊ ဆိုးပြစ် တယ်လီကျန်းမာနဲ့ အမေးအဖြေ (အင်တာဗျူး)

Tampon ရဲ့ ကောင်းကျိုး၊ ဆိုးပြစ် တယ်လီကျန်းမာနဲ့ အမေးအဖြေ (အင်တာဗျူး)

အညာဒေသက တော်လှန်ရေးအမျိုးသမီးတွေဟာ ဓမ္မတာလာချိန်မှာ ခက်ခက်ခဲခဲဖြတ်သန်းနေရတာတွေ ရှိပါတယ်။ ပုံမှန်အသုံးပြုနေတဲ့ လစဉ်သုံးဂွမ်းထုပ် (Pad)တွေက တော်လှန်ရေးအမျိုးသမီးတွေအတွက် အဆင်မပြေတာ၊ အရည်အသွေးမကောင်းတဲ့ Pad တွေကြောင့် ပိုပြီးဒုက္ခရောက်တာမျိုးတွေရှိပါတယ်။ 

အလားတူ Menstrual cup၊ Period underwear စတဲ့နည်းလမ်းတွေကို အသုံးပြုနေပေမယ့်လည်း ဒီပစ္စည်း တွေဟာ အညာဒေသက တော်လှန်ရေးအမျိုးသမီးတွေရဲ့ လှုပ်ရှားသွားလာနေရတာတွေနဲ့ အံဝင်ခွင်ကျမဖြစ်လှပါဘူး။ 

ဒါကြောင့် လစဉ်သုံး Tampon ဟာ အညာတော်လှန်ရေးအမျိုးသမီးတွေအတွက် သင့်တော်မယ့် လစဉ်သုံးဖြစ်မလားဆိုပြီး Tampon ကိုအသုံးပြုဖို့နဲ့ Tampon ကမ်းပိန်းတွေလှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။ 

Tampon က တကယ်ပဲ တော်လှန်ရေးအမျိုးသမီးတွေအတွက် အဆင်ပြေနိုင်မလား၊ Tampon ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာရှိမလဲ၊ ဒါတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ဖွင့်လှစ်ထားတဲ့ တယ်လီကျန်းမာအခမဲ့အွန်လိုင်းဆေးခန်းမှ အမျိုးသမီးကျန်းမာရေးနှင့် သားဖွားမီးယပ်အထူးကု ဆရာဝန်တဦးနဲ့ မြေလတ်အသံက ဆက်သွယ်မေးမြန်းချက်တွေကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။ 

 

မေး။ ။တန်ပွန် (Tampon)ကို အသုံးပြုမယ်ဆို ဘာကောင်းကျိုးတွေ ရနိုင်မလဲ။

ဖြေ။ ။ရေကူးနေစဉ်မှာ အသုံးပြုနိုင်တာ၊ အသုံးပြုနေစဉ် Tampon က မိန်းမကိုယ်လမ်းကြောင်းထဲ ရှိနေတာကြောင့် မိန်းမကိုယ်ပြင်ပမှာ မမြင်တွေ့ရတာ၊ မိန်းမကိုယ်ပြင်ပတွင် ပစ္စည်းအခုအခံရှိနေတယ်ဆိုတဲ့ ခံစားချက်မရှိတာ၊ Pad လို ပေါင်ပွန်းတာ၊ အရေပြားပူလောင်တာတွေ မရှိပါဘူး။ 

 

မေး။ ။ဆိုးကျိုးတွေရော ဘာတွေရှိနိုင်မလဲ။ 

ဖြေ။ ။ Toxic shock syndrome လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် သွေးကြောတွင်းပိုးဝင်ပြီး ရှော့ရတတ်တာ၊ ထည့်ရခက်တာ၊ သင့်တော်တဲ့ အရွယ်အစား(Size) ရွေးချယ်ရာမှာ အခက်တွေ့နိုင်တာ၊ မိန်းမကိုယ် ခြောက်သွေ့ယားယံတာ၊ ထည့်နည်းမမှန်ရင် မိန်းမကိုယ်အတွင်း သက်တောင့်သက်သာ မရှိတာဖြစ်နိုင်ပါတယ်။ 

 

မေး။ ။ Tampon ကို ဘယ်လို အမျိုးသမီးတွေ၊ ဘယ်လိုအခြေနေတွေမှာ အသုံးမပြုသင့်ဘူးဆိုတာမျိုးရော ရှိပါလား။

ဖြေ။ ။ပုံမှန် မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးဆင်းနေသူတွေ၊ မိန်းမကိုယ်မှ အဖြူဆင်းပြီး အနံ့နံတာ၊ အရောင်ပြောင်းတာ၊ ယားယံတာရှိနေသူတွေ၊ တန်ပွန်နဲ့ ဓာတ်မတည့်သူတွေ၊ သွေးဖြူဥ အားနည်းတဲ့ရောဂါ၊ သွေးကင်ဆာ ရှိသူတွေ။ (မသုံးသင့်ပါဘူး)

 

မေး။ ။ Pad သုံးရင် အပူလောင်တာ၊ လေဝင်လေထွက် မကောင်းတော့ ယားနာဖြစ်တာ၊ အနံ့ဆိုးထွက်တာတွေ အများစုဖြစ်ကြတယ်လို့ သိရပါတယ်။ တန်ပွန်အသုံးပြုရင်ရော အဲဒီပြဿနာတွေအကုန် ဖြေရှင်းနိုင်ရဲ့လား။

ဖြေ။ ။ အထိုက်အလျောက် ဖြေရှင်းနိုင်ပါတယ်။

 

မေး။ ။စစ်ရေးလှုပ်ရှားမှုတွေ များတဲ့ အညာဒေသမှာ တန်ပွန်က အသုံးပြုဖို့သင့်တော်ရဲ့လား။ လက်နဲ့အထဲကို ထည့်ရတာဆိုတော့ လက်မသန့်ရှင်းရင် ရောဂါပိုးဝင်နိုင်တာ၊ တခြားပြင်ပ ပြဿနာတွေရော ရှိနိုင်လား။

ဖြေ။ ။ လက်ကို ရေသေချာဆေးပြီး ထည့်ရမှာဖြစ်လို့ လက်သန့်ရှင်းရေးက အရေးကြီးပါတယ်။ မသန့်တဲ့လက်နဲ့ အသုံးပြုမိရင် ရောဂါပိုးဝင်နိုင်ပါတယ်။ Toxic shock syndrome ပိုရတတ်ပြီး အသက်အန္တရာယ် ထိ ရှိနိုင်ပါတယ်။

 

မေး။ ။ တယ်လီကျန်းမာမှာရော အမျိုးသမီးကျန်းမာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လာရောက်ဆွေးနွေးရင် ဘယ်လိုရောဂါ အခြေအနေတွေ အများစုတွေ့ရလဲ။

ဖြေ။ ။မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ အဖြူဆင်းတာ၊ မီးယပ်မမှန်တာမျိုးတွေ လာပြတာများပါတယ်။

 

မေး။ ။တန်ပွန်အသုံးပြုတာက မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာတောင် နည်းပါးနေသေးသလို အညာဒေသမှာဆို ပိုလို့ဆိုးပါတယ်။ မသိကြတဲ့သူတွေ အများကြီးပါပဲ။ မြန်မာနိုင်ငံမှာ တန်ပွန်အသုံးပြုတဲ့အလေ့အကျင့်က ဘယ်လောက်ရာခိုင်နှုန်းလောက်ထိပဲ ရှိတယ်လို့ ခန့်မှန်းနိုင်မလဲ။ 

ဖြေ။ ။ ၁ ကနေ ၅ ရာခိုင်နှုန်း( 1-5 % ) လောက်ဖြစ်မယ်ထင်ပါတယ်။

 

မေး။ ။ Pad သုံးရတာ အဆင်မပြေတဲ့ အမျိုးသမီးတွေ၊ အဓိက စစ်ရေးနယ်မြေမှာ နေထိုင်နေရတဲ့ အမျိုးသမီးတွေအတွက် တခြားနည်းလမ်းရော ရှိပါလား။ 

ဖြေ။ ။ Menstrual cup တော့ရှိပါတယ်။ ဒါပေမယ့် Menstrual cup ကလည်း လက်သန့်ရှင်းရေးလိုတာဖြစ်လို့ သန့်ရှင်းရေးအတွက် သေချာဂရုစိုက်ပေးနိုင်ရင် သုံးလို့ရပါတယ်။

 

မေး။ ။ ဘာတွေဖြည့်စွက်ပြောချင်ပါသေးလဲ။ 

ဖြေ။ ။ တန်ပွန်က တခါသုံးဖြစ်ပါတယ်။ ၄ - ၈ နာရီ ခြားတခါ လဲရပါမယ်။ ကြာချိန် ၈ နာရီထက်ပိုပါက Toxic Shock Syndrome ရတတ်ပါတယ်။ တန်ပွန် မထည့်ခင်နဲ့ ထည့်ပြီး လက်ကို ဆပ်ပြာနှင့် သေချာဆေးရပါမယ်။ ဓာတ်မတည့်မှုရှိပါက နီးစပ်ရာ ဆေးခန်းကို ချက်ချင်းပြရပါမယ်။ ကိုယ်အပူချိန် တက် / ဖျားရင် 102°F နဲ့ အထက်၊ ပျို့အန်၊ ဝမ်းလျှော၊ သတိလစ်ချင်သလိုဖြစ်ရင်၊ မူးရင်၊ အရေပြားမှာ အနီပြင်၊ အနီကွက်တွေထွက်ရင် နီးစပ်ရာ ဆေးဆန်းကို ချက်ချင်းပြရပါမယ်။

 

#မြေလတ်အသံ

#အင်တာဗျူး #တန်ပွန် #အမျိုးသမီးကျန်းမာရေး #ဓမ္မတာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10