စပါးရိတ်ခွင့်နဲ့ မိုင်းဖြုတ်ပေးခ တောင်သူ ၁ ဦးလျှင် ကျပ် ၄၀,၀၀၀ စစ်တပ်ကို ပေးရ

စပါးရိတ်ခွင့်နဲ့ မိုင်းဖြုတ်ပေးခ တောင်သူ ၁ ဦးလျှင် ကျပ် ၄၀,၀၀၀ စစ်တပ်ကို ပေးရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ထဲက လက်ပံ၊ အုတ်ဖို၊ ပေါက်တန်း၊ တနော်ကျွန်းကျေးရွာတွေမှာ စစ်တပ်ထောင်ထားတဲ့မိုင်းတွေ ပြန်ဖြုတ်ပေးဖို့နဲ့ စပါးရိတ်ခွင့်ရဖို့ တောင်သူ ၁ ဦးကို ငွေကျပ် ၄၀,၀၀၀ ဆီ စစ်ကောင်စီတပ်ဖွဲ့ကို ပေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လက်ပံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကနေ တောင်းခံနေတာဆိုပြီး စစ်ကောင်စီခန့် လက်ပံကျေးရွာအုပ်ချုပ်ရေးမှူး အေးနိုင်က သူ့လက်အောက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကနေတဆင့် ကောက်ခံခိုင်းတာလို့ ဆိုပါတယ်။

"ငွေတောင်းတာကတော့ စစ်တပ်က မပါဘူး။ ကျေးရွာဆယ်အိမ်ခေါင်းတွေကနေတဆင့် တောင်းတာ။ မပေးချင်ပေမယ့်လည်း အသက်အန္တရာယ်စိုးရိမ်ရလို့ မပေးမနေရ ပေးနေရတာ" လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။

အဆိုပါ ကျေးရွာတွေနားရှိ ကျွန်းရွှေဝါသောင်နဲ့ လက်ပံသောင်တွေမှာ စပါးစိုက်ထားတဲ့ တောင်သူတွေ စပါးရိတ်ခွင့်ရဖို့ စက်တင်ဘာလကုန်ပိုင်းမှာ တောင်သူတဦးလျှင် ကျပ် ၁၅,၀၀၀ နှုန်းနဲ့ တောင်သူ ၁,၀၀၀ ကျော် လောက်က ငွေပေးခဲ့ရပါတယ်။

ဒါ့အပြင် လက်ပံကျေးရွာဝန်းကျင်အနီးမှာ စစ်တပ်ဘက်က မိုင်းထောင်ထားလို့ မိုင်းပြန်ဖြုတ်ဖို့ အောက်တိုဘာ ဒုတိယအပတ်လောက်မှာ တောင်သူတဦးလျှင် ၂,၅၀၀ ကျပ်နှုန်းနဲ့ တောင်သူ ၁၅၀ ခန့်က ငွေပေးခဲ့ရပါတယ်။

အဆိုပါ ကျေးရွာတွေက ပျူစောထီးတွေ သင်တန်းတက်ရောက်ဖို့ဆိုကာ စက်တင်ဘာ ဆန်းပိုင်းမှာ တအိမ်ထောင်လျှင် ကျပ် ၁၀,၀၀၀ နှုန်းပေးခဲ့ရပါသေးတယ်။

မိုင်းပြန်ဖြုတ်ဖို့ တောင်သူတွေထံက ငွေကောက်သွားပေမယ့် အောက်တိုဘာ ၂၀ ရက်ထိ ပြန်မဖြုတ်ပေးသေးတာကြောင့် တောင်သူတွေမှာ စပါးရိတ်သိမ်းနိုင်ခြင်းမရှိသေးလို့ အခက်ခဲဖြစ်နေရပါတယ်။

စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက် မနက်ပိုင်းမှာ လက်ပံရွာမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ဒရုန်းအပါ အဝင် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရသွားပြီးနောက်ပိုင်း စစ်တပ်က လက်ပံကျေးရွာ ဝန်းကျင်ရှိ လယ်မြေတွေနဲ့ ရေဆိပ်တွေမှာ မိုင်းတွေအများအပြားထောင်ထားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ဝေါ #စပါးရိတ်ခွင့် #စစ်ကောင်စီ #မိုင်း #ငွေကောက်ခံ #တောင်သူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10