ပြင်ဦးလွင်မှာ ပြည်သူတွေစိတ်မပူကြဖို့ စစ်တပ်ကလိုက်အော်ချိန် မြို့ခံတွေစစ်ရှောင်ထွက်ပြေး

ပြင်ဦးလွင်မှာ ပြည်သူတွေစိတ်မပူကြဖို့ စစ်တပ်ကလိုက်အော်ချိန် မြို့ခံတွေစစ်ရှောင်ထွက်ပြေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ပေါ်မှာ သြဂုတ် ၈ ရက်ဒီမနက်ပိုင်းက ပြည်သူတွေစိတ်မပူကြဖို့ စစ်ကောင်စီတပ်သားတွေက မိုက်နဲ့လိုက်အော်ချိန်ကစပြီး ဒေသခံတွေက မန္တလေးဘက်ကို စစ်ရှောင်ထွက်ပြေးသွားကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

သြဂုတ် ၇ ရက်ကတည်းက စစ်တပ်မိသားစုဝင်တွေ ပြောင်းရွှေ့နေကြဖို့ တပ်သားတွေ အားလုံးလည်း အရေးကြီးစာရွက်စာတမ်းတွေ ပြင်ဆင်သိမ်းဆည်းထားကြဖို့၊ အသင့်အနေအထား ရှိကြဖို့ စစ်တပ်အသိုင်းအဝိုင်းအတွင်း အချင်းအချင်း သတိပေးပြောဆိုတာတွေရှိတယ်လို့ တပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။

အဲ့ဒီသတင်းတွေ ပျံ့နှံ့သွားချိန်မှာတော့ စစ်တပ်က ပြင်ဦးလွင်မြို့ထဲကို မနေ့ညနေနဲ့ ဒီမနက်ပိုင်းမှာ ကားနဲ့လှည့်လည်ပြီး ပြည်သူတွေစိတ်မပူကြဖို့နဲ့ မသင်္ကာစရာရှိရင် သတင်းပို့ကြဖို့ကို လိုက်အော်ခဲ့တာလို့ ဆိုပါတယ်။ 

"မနေ့ကရော၊ ဒီနေ့ရော မြို့ထဲမှာလိုက်အော်တယ်။ အဲ့ဒါပြီးတော့ မြို့ခံ သာမန်ပြည်သူတွေပါ ပြောင်းပြေးကြတာပဲ"လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

ခုလို ဒေသခံတွေထွက်ပြေးသွားကြတာကြောင့် ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာလည်း ကားလမ်း ပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်တပ်က မြို့တွင်းလိုက်လံပြောဆိုနေပေမယ့် Cyber City နည်းပညာတက္ကသိုလ်ကျောင်းနဲ့ ကျောက်တောင်၊ နှီးဘုရားတွေမှာပါ ထပ်တိုးတပ်စွဲထားတာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

ရှမ်းမြောက်၊ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျသွားပြီးနောက်မှာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်ရှိ ပြင်ဦးလွင်မြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်မယ့်အကြောင်း စစ်ကောင်စီအရာရှိတွေက ခန့်မှန့်ရရှိထားတဲ့အတွက် ခံစစ်ပြင်ဆင်မှုတွေ လုပ်နေတာလို့လည်း ပြင်ဦးလွင်တပ်အသိုင်းအဝိုင်းဆီက သိရပါတယ်။

သတင်း - N၊ စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ပြင်ဦးလွင် #စစ်ကောင်စီ #သတိပေး #ဒေသခံထွက်ပြေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10