ပွင့်ဖြူမှာ မှိုနှုတ်သွားတဲ့အမျိုးသမီးတဦး မိုင်းထိလို့ဒဏ်ရာရ

ပွင့်ဖြူမှာ မှိုနှုတ်သွားတဲ့အမျိုးသမီးတဦး မိုင်းထိလို့ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအနီးမှာ မှိုနှုတ်သွားတဲ့ ဒေသခံအမျိုးသမီးတဦး မိုင်းထိပြီးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒဏ်ရာရရှိသူမှာ လယ်မကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဒေါ်ဌေးဝင်းဆိုသူဖြစ်ပြီး အောက်တိုဘာ ၂ ရက် မနက် ၉ နာရီကျော်မှာ ကျေးရွာနဲ့ ၂ မိုင်နီးပါးအကွာရှိ မဲဇလီကျေးရွာအနီးတောစပ်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

" ဒေသခံအမျိုးသမီးမိုင်းထိတာက တော်လှန်ရေးအင်အားစုတွေက နယ်မြေတိုးချဲ့တဲ့နေရာမှာ တိုက်မိုင်း၊ တူးမိုင်းထောင်ထားတာရှိတယ်။ အဲ့နေရာတွေကိုလည်း ကျေးရွာပကဖတွေ ပြည်သူလူထုတွေကို ကန့်သတ်နေရာဖြစ်လို့ မသွားဖို့ကန့်သတ်ထားတာရှိတယ်။ အဲ့လိုအချိန်မှာပဲ ခုချိန်က မှိုတွေပေါက်တယ်ဆိုတော့ မှိုထွက်ရှာရင်းခုလိုထိတာ"လို့ ဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ မဲဇလီ၊ လယ်မ၊ ခိုနမ်း၊ ကျွဲခြံကုန်း အပါအဝင် ကျေးရွာပေါင်း ၁၁ ရွာခန့်ကို မိုင်းရှိတတ်တဲ့နေရာတွေနဲ့ အသွားအလာကန့်သတ်ထားဖြစ်ပုံတွေကို အများပြည်သူသိအောင် အစည်းအဝေးခေါ်ယူပြီး ရှင်းလင်းအသိပေးထားခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

မိုင်းထိတာကြောင့် အမျိုးသမီးမှာ နောက်ကျောနဲ့ခြေထောက်တွေမှာ မိုင်းစထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရခဲ့ကာ မဲဇလီဆေးရုံကနေတဆင့် ပွင့်ဖြူဆေးရုံကိုတင်ပို့ထားကာ အောက်တိုဘာ ၅ ရက် ဒီကနေ့ မနက်ပိုင်းထိ အမျိုးသမီးအနေနဲ့ဆေးရုံကနေမဆင်းရသေးပေမယ့် ဒဏ်ရာတွေပြန်လည်သက်သာနေ ပြီလို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအနီးမှာ PDF တွေ ထောင်တဲ့မိုင်းထိလို့ ဒေသခံအမျိုးသမီးတဦး ဒဏ်ရာရတယ်လို့ ရေးသားဖော်ပြကြပါတယ်။

စက်တင်ဘာ ၂၂ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာအနောက်ဘက် တောစပ်မှာ စစ်တပ်ထောင်တဲ့မိုင်းထိလို့ ထင်းခုတ်သွားတဲ့ အမျိုးသမီးငယ်တဦးဒဏ်ရာတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပွင့်ဖြူ #အရပ်သား #ထိခိုက်မှု #မြေမြှုပ်မိုင်း #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10