မန္တလေးတိုင်း မြို့နယ် ၇ ခုမှာ အမျိုးသား ၄၀၀ ကျော် စစ်မှုထမ်းဖို့ဖမ်းဆီးခံထားရ

မန္တလေးတိုင်း မြို့နယ် ၇ ခုမှာ အမျိုးသား ၄၀၀ ကျော် စစ်မှုထမ်းဖို့ဖမ်းဆီးခံထားရ

မန္တလေးတိုင်း၊ မြို့နယ် ၇ မြို့နယ်ထဲက အမျိုးသား ၄၀၀ ကျော်စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးထားတယ်လို့ မန္တလေးသပိတ်အင်အားစုဆီက သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၆ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေ့ညမရွေး ဧည့်စာရင်းဥပဒေကို အကြောင်းပြဖမ်းဆီးတာအပြင် လမ်းသွားလမ်းလာလူငယ်တွေကိုလည်း ပေါ်ပေါ်ထင်ထင် ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

"ဖမ်းခံရသူတွေက အသက်အရွယ်အစုံပဲလို့ ပြောလို့ရတယ်။ မြေပြင်ကရရှိတဲ့သတင်းတွေအရ အသက် ၁၈ နှစ်မပြည့်သေးသူတွေလည်းပါတယ်။ ဖမ်းဆီးမှုပုံစံကတော့မျိုးစုံပဲ။ ညနေစောင်းလောက်ဆို လူငယ်တွေကို လမ်းပေါ်မှာပေါ်တင်ဖမ်းတာမျိုး၊ ညပိုင်းတွေဆို ဧည့်စာရင်းအကြောင်းပြ လိုက်လံဖမ်းဆီးတာမျိုးတွေပေါ့"လို့ မန္တလေးသပိတ်အင်အားစုတာဝန်ရှိသူက ပြောပါတယ်။

မန္တလေးသပိတ်အင်အားစုက ကောက်ခံထားတဲ့စာရင်းအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ အောင်မြေသာဇံမြို့နယ် ၆၄ ဦး၊ ချမ်းအေးသာဇံမြို့နယ် ၂၅ ဦး၊ မဟာအောင်မြေမြို့နယ် ၃၈ ဦး၊ ချမ်းမြသာစည်မြို့နယ် ၅၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ၈၂ ဦး၊ ပုသိမ်ကြီးမြို့နယ် ၇၇ ဦး၊ အမရပူရမြို့နယ် ၅၃ ဦး စုစုပေါင်း ၃၉၁ ဦးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလပထမအပတ်အတွင်းမှာလည်း အောင်မြေသာဇံမြို့နယ်၊ မဟာအောင်မြေမြို့နယ်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက လူငယ် ၂၀ ကျော် ထပ်မံဖမ်းဆီးခံထားရပြီး စုစုပေါင်းဖမ်းဆီးခံရသူ ၄၀၀ ကျော်ရှိပြီလို့ မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူကပြောပါတယ်။

ဒီအရေအတွက်ဟာ မြို့ခံတွေကပေးပို့လာတဲ့အချက်အလက်နဲ့ သတင်းမီဒီယာတွေက တင်ပြထားတဲ့ အချက်အလက်တွေကို စုစည်းကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာဒီအရေအတွက်ထက် များနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရသူတွေထဲမှာ အသက် ၁၈ နှစ်အောက်လူငယ်တွေကနေ အသက် ၄၀ အရွယ် အမျိုးသားတွေအထိပါဝင်ပြီး ငွေနဲ့ပြန်ရွေးလို့ လွတ်မြောက်လာသူတွေကတော့မရှိသလောက် နည်းပါးတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ ရေသန့်ပို့သူ၊ လုံခြုံရေးလုပ်သူ၊ စက်ရုံအလုပ်သမားတွေစတဲ့ အခြေခံလုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို မန္တလေးတောင်ခြေရှိ ခလရ ၉၅ ကိုပို့ထားပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရခင် သက်ဆိုင်ရာစစ်သင်တန်းကျောင်းတွေကိုပို့တာတွေလည်းရှိတယ်လို့ မန္တလေးသပိတ်အင်အားစုတာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အရပ်ဝတ်နဲ့လက်နက်ကိုင်ထားသူတွေက အများစုကိုနေအိမ်တွေထဲအထိဝင်ဖမ်းကာ အိမ်စီးကားတွေသုံးပြီး ဖမ်းဆီးနေတာလို့ မန္တလေးဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

"ပေါ်တာဆွဲတာတွေ တော်တော်များများကအိမ်ထဲကိုဝင်ဆွဲတယ်။ လမ်းသွားရင် လူတွေရှေ့မှာတင်အရပ်ဝတ်နဲ့ ဆွဲတာ။ အိမ်စီးကားအာရာဖတ်(Alphard)တွေချည်းသုံးတာ။ အရပ်ဝတ်နဲ့ လက်နက်ကိုင်ထားတယ်။ စကစနဲ့ တူတာဆိုလို့ လက်နက်ကိုင်ထားတာပဲရှိတာ။ လက်နက်အရှည်တွေကိုင်ထားတာ။ သူငယ်ချင်း ၁ ယောက်မျက်မြင်ဆို ညနေ ၅ ခွဲပဲရှိသေးတယ် ကားပေါ်တက်တက်ဆိုပြီးခေါ်သွားတာ။ စက်ရုံတွေဆိုရင်လည်း လိုအပ်ရင် ပေါ်တာဆွဲမယ်ဆိုပြီး စာရင်းတွေတောင်းထားတာရှိတယ်"လို့ သူကပြောပါတယ်။

မန္တလေးတိုင်းထဲကမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေပေမယ့် မြို့ခံတွေကတော့ ပွဲလမ်းသဘင်တွေနဲ့ပျော်ပွဲရွှင်ပွဲတွေကို ပုံမှန်အတိုင်းသွားလာလုပ်ဆောင်နေကြတယ်လို့ သူကဆက်ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက လူငယ်တွေကိုပစ်မှတ်ထားဖမ်းဆီးနေတဲ့အတွက် လူငယ်တွေအနေနဲ့ အချိန်မတော်နေအိမ် ပြင်ပကိုမသွားလာဖို့၊ မလိုအပ်ဘဲခရီးသွားတာ၊ ပျော်ပွဲရွှင်ပွဲတွေကိုသွားလာတာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးကြဖို့၊ စစ်ကောင်စီရဲ့လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ်လေ့လာပြီး ကြိုတင်ရှောင်ရှားကြဖို့နဲ့ ဖမ်းဆီးခံရသူတွေရှိလာရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီသတင်းပေးဖို့ မန္တလေးသပိတ်အင်အားစုက သတိပေးထုတ်ပြန်ထားပါတယ်။

ပုံစာ - တံတားဦးမြို့နယ်အတွင်း စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီအဖွဲ့ဝင်များ။ (ပုံဟောင်း) စာတည်း - လင်း #မြေလတ်အသံ #မန္တလေး #စစ်မှုထမ်း #ဖမ်းဆီး #လူငယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10