မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်ပြီး ယာဉ်မောင်းသေဆုံး

မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်ပြီး ယာဉ်မောင်းသေဆုံး

Edited - ထပ်မံသိရှိရသည့်အချက်အလက်အရ ပစ်ခတ်ခံရသည့်ကားမှ ယာဉ်မောင်းအမျိုးသား သေဆုံးခြင်းမရှိဘဲ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ပြင်ဆင်ဖော်ပြအပ်ပါသည်။

မန္တလေးတိုင်း၊ တံတားဦးလေဆိပ်မှာ ဒီကနေ့မနက်ပိုင်းက နိုင်ငံတော်သံဃာ့မဟာနာယက(မဟန)အဖွဲ့ဝင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ဆရာတော်ပျံလွန်တော်မူသွားတယ်လို့ ကျောင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဇွန် ၁၉ ရက် ဒီကနေ့မနက်ပိုင်းမှာ အဖွဲ့ဝင်ဆရာတော်က ပဲခူးမြို့ကျောင်းတိုက်မှ ရန်ကုန်လေဆိပ်ကတဆင့် မန္တလေးကို လေယာဥ်နဲ့ကြွသွားပြီးနောက် တံတားဦးလေဆိပ်မှ မန္တလေးမြို့အတွင်းသို့ ကားနဲ့ဆက်လက်ကြွချီစဉ် လေဆိပ်လုံခြုံရေးစစ်တပ်က ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

" ဆရာတော်က သံဃာ့နာယက ၄၇ ပါး စုံညီအစည်းအဝေးသွားဖို့ ပဲခူးကနေ ကြွသွားတာလို့ သိရတယ်။ လေဆိပ်ကအထွက်မှာ လုံခြုံရေးစစ်သားတွေက စစ်ဆေးဖို့ရပ်ခိုင်းတယ်တဲ့။ အဲ့ဒါကို ဆရာတော်ကိုလာကြိုတဲ့ကားသမားက သွားခိုင်းတယ်ထင်ပြီး မောင်းထွက်သွားတာမှာ အနောက်ကနေလိုက်ပစ်တာ။ ကားပေါ်မှာ ဆရာတော်ရယ်၊ ကားသမားရယ်၊ လာကြိုတဲ့ဆရာတော်တပါးရယ် ၃ ယောက်ပါတာ” လို့ ကျောင်းနဲ့နီးစပ်သူဒကာတဦးက ပြောပါတယ်။

ဆရာတော်လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရတာကြောင့် ကားပေါ်ပါ မဟနအဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူကာ ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး လာကြိုတဲ့ မန္တလေးမြို့ကဆရာတော်တပါးကတော့ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခံရလို့  မဟနအဖွဲ့ဝင်ဆရာတော်ဟာ နေရာမှာပဲပျံလွန်တော်မူသွားပြီး ကြွင်းကျန်ရုပ်ကလာပ်ကို တံတားဦးဆေးရုံကို ပို့ဆောင်ထားရပါတယ်။

ယနေ့ညနေ ၄ နာရီခွဲကျော်တဲ့အထိ ဆရာတော်ရဲ့ရုပ်ကလာပ်တော်ကို ပဲခူးမြို့၊ ကျောင်းတိုက်ကို ပြန်မသယ်ရသေးဘဲ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ တာဝန်ရှိသံဃာတော်နဲ့ဒကာတွေက ဆရာတော်ရဲ့ရုပ်ကလာပ်ကိုသွားရောက်သယ်ယူဖို့ လုပ်ဆောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ ဆရာတော်ပျံလွန်တော်မူသွားတာနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ကို ကျောင်းတိုက်ဘက်ကထုတ်ပြန်ဦးမှာမဟုတ်ဘဲ အစည်း အဝေးထိုင်ပြီးမှသာ ထုတ်ပြန်တာတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မဟနအဖွဲ့ဝင်ဆရာတော် #ပစ်ခတ်ခံရ #ပျံလွန်တော်မူ #စစ်ကောင်စီတပ် #ပစ်ခတ်မှု #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10