ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) အပိုင်း (၂)

ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) အပိုင်း (၂)

 

တိုက်ပွဲကာလအတွင်း မြောက်ဦးဒေသကတဆင့် စီနီယာသတင်းထောက်ရှိတဲ့ ပုဏ္ဏာကျွန်းဒေသကို သွားလာလို့ ရတဲ့လမ်းကြောင်းကတော့ မှောင်ခိုရေလမ်းကြောင်းတခုပဲရှိပါတယ်။ စစ်ကောင်စီဘက်မှ ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ပင်ထားတဲ့ကြားထဲကနေ မြောက်ဦး-ပုဏ္ဏာကျွန်း-ကျောက်တော်-စစ်တွေစတဲ့မြို့နယ်တွေကို နေ့စဉ် ပုံမှန်လိုင်းဆွဲစက်လှေသမားတွေက မှောင်ခိုရေလမ်းကြောင်းကို အသုံးပြုကာ ခရီးသည်တွေကို ပို့ဆောင်နေတာပါ။ 

မှောင်ခိုရေလမ်းကြောင်းမှာတော့ မြစ်တွေထဲမှာ သွားလာကင်းပတ်ကြတဲ့ စစ်ကောင်စီ Navy(ရေတပ်)သင်္ဘောတွေကို ရှောင်ကွင်းပြီးသွားလာရတာကြောင့် အချိန်ကြန့်ကြာမှု၊ ခရီးစရိတ်ကြီးမားမှု၊ အသက်အန္တရာယ်အာမခံ မရှိတဲ့ အခြေအနေတွေကို သွားလာရတဲ့ ခရီးသွားပြည်သူတိုင်း ရင်ဆိုင်ခံစားရပါတယ်။ 

ခရီးစရိတ်ဈေးနှုန်းကတော့ မြောက်ဦးမှ ကျောက်တော်-ပုဏ္ဏာကျွန်းဒေသကို လူတဦးလျှင် ငါးသောင်းကျပ်၊ ပုဏ္ဏာကျွန်းမှတဆင့် စစ်တွေမြို့နယ်ကို လူတဦးလျှင် တသိန်းခွဲကျပ် ပေးရပါတယ်။ 

တိုက်ပွဲမဖြစ်မီအချိန်တုန်းက ခရီးသွားဈေးနှုန်းနဲ့ တိုက်ပွဲကာလခရီးသွားဈေးနှုန်းတို့ဟာ ဆယ်ဆထက်မနည်း ဈေးမြင့်တက်ခဲ့ပါတယ်။ 

ကုန်းလမ်းအနေနဲ့ကတော့ ကျောက်တော်မြို့နယ်ရှိ ငါးတောင်ကျေးရွာကနေ ပုဏ္ဏာကျွန်းမြို့နယ်ရှိ ကွမ်းတောင် ကျေးရွာအထိ သွားလာလို့ရပါတယ်။ အဲဒီကားလမ်းပိုင်းဟာ ရန်ကုန်-စစ်တွေအာရှကားလမ်းကြီးထဲမှာ ပါဝင် ပါတယ်။ အဆိုပါကားလမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီတပ်ရင်းတခုသာရှိပါတယ်။ 

အဲဒီတပ်ရင်းကတော့ ပုဏ္ဏာကျွန်းမြို့ရဲ့ အာရှကားလမ်းမကြီးဘေးရှိ တောင်တန်းပေါ်က ခမရ ၅၅၀ တပ်ရင်းပဲဖြစ်ပါတယ်။ ခမရ ၅၅၀ တပ်ရင်းရှေ့မှာရှိတဲ့ ပုဏ္ဏာကျွန်းမြို့ရဲ့ အာရှကားလမ်းပိုင်း(မီတာ ၃၀၀)ကို စစ်ကောင်စီတပ်ဘက်က သံစူးကြီးတွေ၊ သစ်တုံးတွေတားကာ သွားလာလို့မရအောင် ပိတ်ပင်ထားပါတယ်။ 

ပုဏ္ဏာကျွန်းမြို့ထဲမှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတပ်သားတွေ တဦးမှ မရှိပါ။ မြို့မရဲ စခန်းမှ ရဲတပ်သားတွေဟာ AA ထံ အလင်းဝင်ရောက်ခဲ့လို့ပဲဖြစ်ပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ ရဲစခန်းရှိ ရဲတပ်သားတွေ အကုန်လုံးဟာ AA ထံ လက်နက်ချအလင်းဝင်ခဲ့တာကြောင့် ပုဏ္ဏာကျွန်း မြို့ပေါ်ကို AA တပ်သားတွေက ဝင်ရောက်ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ 

ပုဏ္ဏာကျွန်းမြို့ပေါ်ကို AA ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် ငါးတောင်ကျေးရွာကနေ ကွမ်းတောင်ကျေးရွာ အထိ ကုန်းလမ်းကနေ သွားလာလို့ရတာလည်းဖြစ်ပါတယ်။  ခရီးသည်တင်ကား၊ ကုန်တင်ကား၊ သုံးဘီး၊ ဆိုင်ကယ်တွေအနေနဲ့ ငါးတောင်နဲ့ ကွမ်းတောင်ကျေးရွာသွားလာတဲ့အချိန်အခါမှာ ခမရ ၅၅၀ တပ်ရင်းရှေ့ကို ဖြတ်သန်းစရာမလိုဘဲ ပုဏ္ဏာကျွန်းမြို့ထဲဝင်ပြီး လမ်းကြို၊ လမ်းကြားတွေကနေ သွားလာခဲ့ရတာဖြစ်ပါတယ်။ 

အဲဒီကာလတုန်းက စစ်တွေမြို့ပေါ်ကို ဝင်လိုတဲ့သူ၊ စစ်တွေမြို့ပေါ်ကနေ ထွက်လိုတဲ့သူတွေအကုန်လုံးရဲ့ ဆုံစည်းရာနေရာကတော့ ကွမ်းတောင်ကျေးရွာပဲဖြစ်ပါတယ်။ စစ်တွေမြို့ပေါ်ကို ဝင်ရောက်လိုသူတွေအနေနဲ့ ကွမ်းတောင်ကျေးရွာမှောင်ခိုထွက်တဲ့ စက်လှေတွေနဲ့ စစ်တွေမြို့နယ်ရှိ သုံးဆယ်ကျေးရွာကို လှေစီးရပါတယ်။ သုံးဆယ်ကျေးရွာကနေတဆင့် စစ်တွေမြို့ပေါ်ကို အငှားယာဉ်တွေနဲ့ သွားလာရတာဖြစ်ပါတယ်။ ဒါကတော့ တိုက်ပွဲကာလသွားလာခဲ့ရတဲ့ မှောင်ခိုလမ်းခရီးအခြေအနေတွေပဲဖြစ်ပါတယ်။ 

 

မြောက်ဦးမှ ပုဏ္ဏာကျွန်းသို့

နိုဝင်ဘာလကုန်ပိုင်းမှာ မြောက်ဦးမြို့နယ်ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုသွားတဲ့ စက်လှေတစီးနဲ့ လမ်းကြုံ လိုက်စီးခွင့်ရခဲ့ပါတယ်။ လမ်းကြုံဆိုပေမယ့် အခငွေပေးပြီးမှ လိုက်ခွင့်ရတာပါ။ အဲဒီစက်လှေဟာ ခရီးသည် တွေကို လိုင်းဆွဲနေတဲ့လှေမဟုတ်ဘဲ ကွမ်းသီးကုန်တွေကိုသာ သီးသန့်ပို့ဆောင်ပေးတဲ့ စက်လှေပဲဖြစ်ပါတယ်။ 

အဲဒါကြောင့် စက်လှေပေါ်မှာ လူတွေအစားကွမ်းသီးခြောက်အလုံး အိတ်ရေ ၅၀၀ ကိုသာတွေ့ရပါတယ်။ လှေပေါ် မှာတော့ ကွမ်းသီးအိတ်ပိုင်ရှင် ၁ ဦး၊ လှေပိုင်ရှင်နဲ့ လှေလုပ်သား၂ ဦး၊ ကျနော်နဲ့ နောက်ထပ်အမျိုးသား ၁ ဦး စုစုပေါင်း အမျိုးသား ၆ ဦးသာပါရှိပါတယ်။ 

ပြာလွင်နေတဲ့ မိုးကောင်းကင်ကြီးအောက်မှာ ကြည်လင်စိမ်းမြရောင်ရှိတဲ့ ရေတွေဟာ ညင်သာစွာစီးဆင်းနေကြပါတယ်။ မြစ်လက်တက်ရဲ့လက်အောက်ငယ်သားဖြစ်တဲ့ ချောင်းကလေးတွေရဲ့ ဝဲယာအသွယ်သွယ်မှာတော့ ဒီရေသစ်ပင်တွေနဲ့ ဓနိပင်တွေက ဟိုတစု၊ ဒီတစုနဲ့ ပြိုင်တူရပ်ကာ ချောင်းကလေးကို အလေးပြုနေသယောင် စီတန်းပေါက်ရောက်လို့ရှိနေကြပါတယ်။ 

မြစ်လက်တက်တခုတည်းကနေ ခွဲထွက်တဲ့ ချောင်ကလေးတွေ အသွယ်သွယ်မှာတော့ အရပ်လေးမျက်နှာစလုံး ကို ရေတွေစီးဆင်းနိုင်ဖို့ရာ နေရာကိုယ်စီယူထားကြပါတော့တယ်။ 

ကျနော်အပါအဝင် အမျိုးသား ၆ ယောက် စီးနင်းလာတဲ့ ကွမ်းသီးကုန်ပို့စက်လှေကတော့ မိခင် လေးမြို့မြစ်ထံမှ ပေါက်ဖွားလိုက်တဲ့ မြစ်လက်တက်တခုရဲ့ လက်အောက်ငယ်သားချောင်းကလေးပေါ်မှာ အရှေ့အရပ်ကနေ အနောက်မြောက်အရပ်ဆီကို ဦးတည်မောင်းနှင်လို့ရှိနေပါတယ်။ 

မြောက်ဦးမြို့နယ်မှ နံနက် ၁၀ နာရီကျော်အချိန်မှာ ထွက်ခွာမောင်းနှင်လာခဲ့တဲ့ ကျနော်တို့စက်လှေဟာ ညနေ ၅ နာရီအထိ ၆ နာရီခန့်အကြာ မောင်းနှင်ခဲ့ပြီးနောက် ကုလားတန်မြစ်မကြီးစီးဆင်းတဲ့ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းစတဲ့မြို့နယ်သုံးခုရဲ့ ဆုံစည်းရာနယ်စပ်ဆုံမှတ်ကို ရောက်ခဲ့ပါတယ်။ 

ကွေ့ကောက်စီးဆင်းနေတဲ့ ချောင်းကလေးတွေ အသွယ်သွယ်ကို လှည့်ပတ်မောင်းနှင်ခဲ့ရတဲ့ ကျနော်တို့စက်လှေဟာ ကုလားတန်မြစ်ကိုဖြတ်ကျော်မမောင်းနှင်မီ စက်လှေပိုင်ရှင်ဖြစ်သူဟာ လှေဦးပေါ်သွားရပ်ကာ မြစ်တလျှောက်ကို မျက်စိတဆုံးလှည့်ပတ်ကြည့်လိုက်ပါတယ်။ 

ငါးဖမ်းလှေငယ်တွေ ရှိ၊ မရှိကို ကြည့်တာပါ။ မြစ်တလျှောက်မှာ ငါးဖမ်းလှေငယ်တွေကို မတွေ့မြင်ရဘူးဆိုရင် စစ်ကောင်စီNavyသင်္ဘောက မြစ်ထဲဝင်ရောက်နေတယ်ဆိုတဲ့ သဘောပါ။ မြစ်မှာ Navy ရောက်ရှိနေတယ်ဆိုရင် ငါးဖမ်းထွက်တဲ့လှေငယ်တွေကို လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာကြောင့် တံငါသည်တွေ ငါးဖမ်းမထွက်ကြတော့ပါဘူး။ အခုတော့ မြစ်တလျှောက်မှာ ကိုယ်တော်မြတ်တံငါသည်တွေက လှေကိုယ်စီနဲ့ ငါးဖမ်းနေတာကို တွေ့မြင်ရတော့ ကျနော်တို့စက်လှေဟာ ကုလားတန်ဖြစ်ကို ဖြတ်ကျော်လို့ လိုရာခရီးကို မောင်းနှင်ပါတော့တယ်။

ကုလားတန်မြစ်ကိုဖြတ်ပြီး တနာရီခန့်ကြာမောင်နှင်ခဲ့ပြီးနောက် ကျနော်တို့စက်လှေဟာ ပုဏ္ဏာကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာဆိပ်ကမ်းကို ရောက်ရှိလာခဲ့ပါတယ်။ အချိန်ကတော့ ညနေ ၆ နာရီကျော်ရှိနေပါပြီ။ တနေ့တာအတွက် ကမ္ဘာမြေပေါ်ကို အလင်းရောင်တွေထုတ်ပေးခဲ့တဲ့ သူရိန်နေမင်းကြီးဟာလည်း အနောက်ဘက် မိုးကုတ်စက်ဝိုင်းကြီးထဲကို ဒိုင်ပင်ထိုး ဝင်ရောက်သွားခဲ့ပါတော့တယ်။ 

ဆောင်းရာသီရဲ့ မှောင်ရီပျိုးစအချိန်မှာ စက်လှေပေါ်မှာ လှေလုပ်သား ၂ ဦး အလုပ်ရှုပ်နေကြပါတယ်။ သူတို့ ၂ ဦးလုံး အသက် ၃၀ ကျော်အရွယ်ရှိကြပါတယ်။ သူတို့နှစ်ဦးဟာ တယောက်တခုစီ တာဝန်ခွဲပြီး တယောက်က ဆန်ကို အိုးထဲထည့်ကာ ရေနဲ့ ဆေးနေပါတယ်။ နောက်တယောက်ကတော့ မုန်လာဥအဖြူအလုံး ၁၀ လုံးခန့်ကို ဓားတချောင်းနဲ့ လှီးဖြတ်နေပါတယ်။ ကျနော်နဲ့ နောက်ထပ်အမျိုးသားတဦးကတော့ လှေလုပ်သားနှစ်ဦးကို ဝိုင်းကူပေးတဲ့အနေနဲ့ မီးဖို(မီးခွင့်)အဖြစ်ပြုလုပ်ထားတဲ့ သွပ်အိုးဟောင်းမှာ ဝါးခြမ်းစတွေ၊ ထင်းစတွေနဲ့ မီးမွှေးပေးလိုက်ပါတယ်။ 

ဆန်တွေကို စင်ကြယ်အောင်ဆေးပြီး ဆန်နဲ့ရေထည့်ထားတဲ့အိုကို မီးဖိုမှာတည်ထားလိုက်ပါတယ်။ အရပ်ခပ် မြင့်မြင့်နဲ့ ဗလတောင့်တောင့်ရှိတဲ့ အသက် ၅၀ ကျော်အရွယ်အမျိုးသားလှေပိုင်ရှင်ကတော့ လှေကိုကမ်းနဲ့ စနစ်တကျဖြစ်အောင်လုပ်လုပ်ရင်း ကျနော့်ကို စကားလှမ်းပြောလိုက်ပါတယ်။ 

“ခင်ဗျားသောက်တတ်လား” တဲ့။ 

မိုးသားတိမ်တွေ ကင်းစင်နေတဲ့ မိုးကောင်းကင်ကြီးမှာ ငွေစန္ဒာလမင်းကြီးက ဝင်းပလျက်။ အရပ်လေးမျက်နှာစလုံးမှာ နေရာပြည့်ဝင်ရောက်နေရာယူထားကြတဲ့ မြူဆိုင်တွေထဲဝယ် အေးစက်တဲ့ဂုဏ်ရှိသော လေပြေလေညှင်းတွေက တဖြူးဖြူးတိုက်ခတ်လို့ရှိနေပါတယ်။ 

လရိပ်အောက်တွင် ဆောင်းဝတ်အင်္ကျီကိုယ်စီဝတ်ဆင်ထားတဲ့ အမျိုးသားခြောက်ဦးမှာ ရေပေါ်မျှောကာ ကမ်းဆိုက်ထားတဲ့ လှေဦးထိပ်တွင် နေရာအသီးသီးယူကာ ဝိုင်းဖွဲ့နေကြပါတယ်။ ဝိုင်းရဲ့ ဗဟိုအလယ်မှာတော့ အဖြူရောင် တောအရက်ထည့်ထားတဲ့ ဖန်ပုလင်းတလုံးနဲ့ ဝီစကီတလုံးပြိုင်ထောင်လို့။ ပုလင်းနှစ်လုံးရဲ့ ဘေးမှာတော့ ငရုတ်သီးတွေကို နှစ်ခြမ်းခွဲကာချက်ထားတဲ့ မုန်လာဥဟင်းတခွက်။ 

“အချမ်းဒဏ်ကို ခုခံနိုင်ဖို့အတွက် အေးစက်နေတဲ့ ခန္ဓာကိုယ်ထဲကို အပူဓာတ်တွေထည့်ရတယ်” လို့ လှေပိုင်ရှင် အမျိုးသားက ဝီစကီအရက်ထည့်ထားတဲ့ ဖန်ဖလားကို နှုတ်ခမ်းပေါ်တည်ရင်း ပြောလိုက်ပါသေးတယ်။ 

ဝိုင်းဖွဲ့နေကြတဲ့ ခြောက်ဦးထဲမှာ အသက် ၅၀ ကျော်အရွယ် ကိုယ်ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့ အမျိုးသာတဦး ကတော့ လှေပေါ်ပါလာတဲ့ ကွမ်းသီးအမောင်း ၅၀၀ မှာ စစ်တွေမြို့ကို တင်ပို့မယ့်ဝန်ဖြစ်တယ်လို့ ပြောပြပါတယ်။ အဲဒီစစ်ပွဲကာလတုန်းက ကွမ်းသီးတမောင်းလျှင် ရှစ်သောင်းကျပ် ဈေးရှိပါတယ်။ (၂၀၂၄ ဇူလိုင်လမှာ ကွမ်းသီးတမောင်းလျှင် နှစ်သိန်းကျပ် ပေါက်ဈေးရှိပါတယ်။) တမောင်းကို ရှစ်သောင်းဆိုတော့ ဈေးနိမ့်တာပေါ့။

ရခိုင်က ကွမ်းသီးတွေကို ပြည်မဘက်(ဗမာပြည်)ကို တင်သွင်းသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း တင်သွင်းပါတယ်။ ရခိုင်စစ်ပွဲစဖြစ်တဲ့အချိန်မှာ စစ်ကောင်စီက ကုန်းရေလမ်းကြောင်းတွေကို ပိတ်လိုက်လို့ ကွမ်းသီး ကုန်သည်တွေဟာ ရခိုင်ပြည်တွင်းတခုတည်းမှာပဲ ဖြန့်ဖြူးရောင်းချခဲ့ရပါတယ်။ အဲဒါကြောင့် ကွမ်းသီးဈေး မရတာလို့ သူက ရှင်းပြတယ်။ 

ကျနော်က ကွမ်းသီးကုန်သည်ကို ကွမ်းသီးဈေးမရှိတဲ့အပြင် မှောင်ခိုခရီးစရိတ်ကလည်း ဈေးကြီးတော့ အမြတ်ကျန်သေးလားလို့ မေးမိတယ်။ လှေပေါ်ပါလာတဲ့ကွမ်းသီးတွေကို စစ်တွေမြို့ထဲကို ရောက်ဖို့ ကွမ်းသီးအမောင်းငါးရာအိတ်ဆံ့မယ့်ကားတစီးကို ငှားရမ်းကာ ကွမ်းတောင်ကျေးရွာဆိပ်ကမ်းကို ပို့ရပါတယ်။ ကွမ်းတောင်းဆိပ်ကမ်းမှတဆင့် လုံးချင်းလှေတစီးငှားကာ စစ်တွေမြို့နယ်ရှိ သုံးဆယ်ကျေးရွာသို့ပို့ရပြီး အဲဒီကျေးရွာမှတဆင့် ကားစီးလုံးငှားကာ စစ်တွေမြို့ထဲသို့ ရောက်ရှိတာဖြစ်ပါတယ်။ 

ကားနှစ်တန်၊ လှေနှစ်တန်နဲ့ပို့ရတာကြောင့် သယ်ယူကုန်ကျစရိတ်သိန်းခြောက်ဆယ်ခန့်ရှိတယ်လို့ ဆိုပါတယ်။ ရရှိမယ့်အမြတ်ငွေကျတော့ မပြောဘဲကျော်သွားကာ မုန်လာဥဟင်းဖတ်တွေကောက်ရင်း တကျွတ်ကျွတ်မြည် အောင် ဝါးနေပါတော့တယ်။ 

အေးစက်နေတဲ့ ညအချိန်သမယကတော့ အေးသထက်ကို အေးလို့ လာပါတယ်။ အပြာရောင်ကွင်းပြင်ကြီးပေါ်မှာ မာရသွန်ပြေးနေတဲ့ ငွေလမင်းကြီးဟာ ကျနော်တို့ဦးခေါင်းတည့်တည့်ကို ချဉ်းကပ်လို့လာနေပါတယ်။  အဲဒီအချိန် မှာ သောက်ပြီး၊ စားပြီးသားဖြစ်နေတဲ့ ကျနော်တို့ခြောက်ဦးဟာ လှေပေါ်အပြည့်တင်ထားတဲ့ ကွမ်းသီးလုံးအိတ် တွေထက်မှာ နေရာကိုယ်စီယူပြီး ဖြစ်သလိုအိပ်စက်အနားယူလိုက်ပါတော့တယ်။ 

 

ဆက်လက်ဖော်ပြရန် - 

 

#မြေလတ်အသံ

#ခရီးသွားဆောင်းပါး #ရခိုင် #စစ်တွေ #မြောက်ဦး #ကျောက်တော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10