သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး နေအိမ်နဲ့စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့သွားတယ်လို့ ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက် မနက် ၄ နာရီကျော်မှာ ရွှေဘို ခလရ ၄၂ ဘက်က ထွက်လာတဲ့ စစ်ကောင်စီအင်အား ၅၀ ခန့်ဟာ ကင်းဗျားရွာအနားကိုရောက်လာချိန် ရွာထဲမှာရှိနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မိနစ် ၂၀ နီးပါးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
"ရွာနားရောက်လာတော့ ကင်းသမားတွေနဲ့ ထိတွေ့ဖြစ်တယ်။ ဖြစ်တဲ့အချိန်မှာ ၄၂ ဘက်က ဟောင်ဝစ်ဇာတွေနဲ့ ထုသေးတယ်။ ကညန ဘက်ကလည်း 81 ထုသေးတယ်။ ကင်းသမားတွေနဲ့ ထိတွေ့ဖြစ်နေချိန် ကျန်တဲ့ရဲဘော်တွေက ရွာခံတွေကိုထုတ်နေရတယ်။ အင်အားကလည်း ဘယ်လိုမှ မမျှတော့ ဆုတ်ပေးလိုက်ရတယ်။"လို့ ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ပေးလိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာထဲရောက်လာပြီး ကျေးရွာ အမက စာသင်ကျောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ အဆောက်အဦတ ၁ လုံးနဲ့ ပြည်သူနေအိမ် ၄ လုံးကို မီးရှို့သွားခဲ့ပါတယ်။
ရွာထဲကိုဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနက် ၇ နာရီကျော်မှာ ကျေးရွာထဲက ပြန်ထွက်သွားပြီး တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီဘက်က ထိခိုက်မှုရှိမရှိကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကင်းဗျား၊ ချီပါ၊ အိုးဘို၊ မင်းကုန်းကျေးရွာတွေက ဒေသခံ ၂,၀၀၀ ကျော်ထွက်ပြေးခဲ့ရပြီး ဇန်နဝါရီလ ၂၀ ရက် မနက်ပိုင်းမှာတော့ ရွာခံအချို့ ရွာထဲပြန်လည်ဝင်ရောက် နေထိုင်တာမျိုးတွေရှိနေပေမယ့် အများစုကတော့ ပြန်မလာကြသေးဘူးလို့သိရပါတယ်။
ကင်းဗျာကျေးရွာဟာ ရွှေဘိုမြို့နဲ့ ၃ မိုင်ကျော်ခန့်သာဝေးကာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ကျေးရွာဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ၂ ကြိမ်မီးရှို့ခံထားရလို့ အိမ်ခြေ ၉၀ ကျော်ပျက်စီးထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း ရွှေဘိုမြို့နယ်၊ သပြေသာကျေးရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး အိမ်ခြေ ၁၅၀ ခန့်ကိုမီးရှို့ဖျက်ဆီးခဲ့သလို အမျိုးသား ၄ ဦးကို သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ကင်းဗျားရွာမှာ စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ခဲ့တဲ့နေရာများ။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#ရွှေဘို #ကင်းဗျား #တိုက်ပွဲ #စာသင်ကျောင်း #မီးရှို့
Share Share Share