သေဒဏ်ချမှတ်မယ့် ထုတ်ပြန်ချက်တခုကို ကျောတိုက်နယ်ပအဖ ထုတ်ပြန်

သေဒဏ်ချမှတ်မယ့် ထုတ်ပြန်ချက်တခုကို ကျောတိုက်နယ်ပအဖ ထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ တိုက်နယ်ပအဖအဖွဲ့က နိုဝင်ဘာ ၁၅ ရက် ရက်စွဲနဲ့ အချက် ၂၃ ချက်ပါ ကြေညာချက်တစောင် ထုတ်ပြန်ထားပြီး အဲဒီထုတ်ပြန်စာမှာ တားမြစ်ချက်တွေကို ကျူးလွန်ရင် သေဒဏ်ထိချမှတ်လို့ရတဲ့ တရားစီရင်ရေးကို လုပ်ဆောင်သွားမယ်လို့ ပါရှိပါတယ်။

ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ(ကျောတိုက်နယ်)က ဒေသန္တရဥပဒေမူကြမ်းတရပ်ရေးဆွဲကာ ဥပဒေနဲ့အညီ အုပ်ချုပ်စီမံခန့်ခွဲကာ ဒေသတွင်းခိုင်မာပြတ်သားချက်တွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒေသတွင်းလိုအပ်သော လိုအပ်ချက်တွေအတိုင်း ရေးဆွဲထားသော်လည်း ရာဇသတ်ကြီးဥပဒေကျင့်ထုံးတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် အဓိက တားမြစ်ထားတဲ့ တားမြစ်ချက်တွေကို(ခွင့်ပြုချက်မဲ့) ကျူးလွန်ပါက ပြင်းထန်စွာအရေးယူမယ့်အပြင် သေဒဏ်အထိ ချမှတ်နိုင်တဲ့ တရားစီရင်ခြင်းမျိုး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

အဆိုပါ ထုတ်ပြန်စာမှာ သစ်မခုတ်ရ၊ ဝါးမခုတ်ရ၊ မျှစ်မချိုးရ၊ ထင်းမသယ်ရ စတဲ့အချက်တွေအပြင် အပိုဒ် ၂၂ မှာ ပအဖ၊ ပကဖ၊ PDF စတဲ့ အဖွဲ့ဝင် ရဲဘော်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအပေါ်  နှုတ်နဲ့ဖြစ်ပါစေ ကိုယ်ထိလက်ရောက်ဖြစ်ပါစေ ပုန်ကန်စော်ကားတယ်လို့ ယူဆရရင် ပြင်းထန်စွာ အပြစ်ပေးမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ 

အဲဒီထုတ်ပြန်ချက်ပါ တချို့အချက်တွေဟာ လက်ခံနိုင်စရာမရှိတဲ့အကြောင်း ဒေသခံပြည်သူတဦးက “ပရမ်းပတာ ကျလွန်းတယ်လို့ ထင်မိတယ်။ မျှစ်မချိုးရဆိုတော့ မရှိဆင်းရဲတဲ့သူတွေက ဘာလုပ်စားကြမှာလဲ။ ပြည်သူတွေအပေါ်  ငဲ့ကြည့်သင့်တယ်။ အပိုဒ် ၂၂ ကအချက်ဆိုရင်လည်း သူတို့ဘာလုပ်လုပ် ဘယ်ပြည်သူမှ မပြောရဘူး၊ ပြောရင် ဖမ်းဆီးမယ်၊ သေဒဏ်အထိပါ အရေးယူခြင်းခံရနိုင်တဲ့သဘော ရေးသားထုတ်ပြန်ထားတာဟာ အများ ပြည်သူရဲ့ ငြိုငြင်မှု၊ စိုးရိမ်မှုနဲ့ အမြင်မကြည်လင်မှုတွေကိုသာ ရနိုင်ပြီး အဖွဲ့အစည်းတွေအပေါ်မှာ ကောင်းကျိုးထက် ဆိုးကျိုးသက်ရောက်မှုက ပိုများသွားနိုင်တယ်။” လို့ ဆိုပါတယ်။ 

ကျောတိုက်နယ် ပအဖ တာဝန်ရှိသူကတော့ မြေပြင်မှာ ဥပဒေကို လက်တလုံးခြားလုပ်ပြီး ချိုးဖောက်တာတွေ အများကြီးရှိနေတာကြောင့် အခုလို ပြင်းထန်တဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါ ထုတ်ပြန်စာကိုလည်း ကျောတိုက်နယ် ပအဖ အဖွဲ့တခုတည်းရဲ့ သဘောထားနဲ့ ထုတ်ပြန်တာ မဟုတ်ဘဲ တိုက်နယ်မှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံ ဆွေးနွေးတိုင်ပင်ပြီးမှ ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးကို တခုခု အနှောင့်ယှက်ပေးဖို့ လုပ်တဲ့ဟာမျိုးတွေဆိုရင် သေဒဏ်ချနိုင်တယ်ဆိုတဲ့ဟာမျိုး ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်၊ အဲ့လိုမျိုး သစ်ဝါးခုတ်လို့ သေဒဏ်ချမယ်ဆိုတဲ့ဟာမျိုးလို့ ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ မပါပါဘူး။” လို့ ကျောတိုက်နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။

ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို မလိုက်နာရင် ပထမအဆင့်အနေနဲ့ ဒဏ်ငွေဆောင်ခိုင်းကာ၊ ဒုတိယအဆင့် အနေနဲ့ ဒဏ်ငွေနဲ့ ပြစ်ဒဏ်ပူးတွဲ ချမှတ်မှာဖြစ်ပြီး တတိယအဆင့်အနေနဲ့ကတော့ ကျူးလွန်တဲ့ ပြစ်မှုပေါ်မူ တည်ပြီး ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သေဒဏ်ထိ ချမှတ်မယ်ဆိုတဲ့ ကြေငြာချက်ကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၉ ကလည်း ထောက်ခံကြောင်း  ဒီဇင်ဘာ ၄ ရက် ရက်စွဲနဲ့  ထုတ်ပြန်ထားပါတယ်။

ကျောတိုက်နယ်မှာရှိတဲ့ ပြည်သူတဦးကတော့ ဒေသခံအများစုက လယ်ယာစိုက်ပျိုးရေးနဲ့ တောထဲမှာ သစ်ဝါးခုတ်ကာ ရောင်းချတဲ့ အလုပ်ကိုသာ အဓိက လုပ်ကိုင်နေကြရတာကြောင့် အဲ့ဒီထုတ်ပြန်ချက်က ပြည်သူတွေအပေါ် စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

“လုံးဝမှ သဘောမကျပါဘူးဗျ၊ ဒီမှာ အခက်ခဲတွေကတော့ တပ်ရင်းတပ်ဖွဲ့က အလှူငွေဆိုရင်တောင်မှ သူတို့ မပေးနိုင်တဲ့အဆင့်တွေ ဖြစ်ကုန်ပါတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

ကျောတိုက်နယ် ပအဖ တာဝန်ရှိသူကတော့ စစ်ရှောင်ပြည်သူတွေရဲ့ ရေရှည်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ထောက်ပံ့ပေးနိုင်ဖို့ သစ်တောတွေကို ထိန်းသိမ်းဖို့ လိုအပ်နေတာကြောင့် ဝါးမခုတ်ရ၊ မျှစ်မချိုးရ စတဲ့ အချက်တွေ ထည့်သွင်းထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။  

တားမြစ်ချက်တွေက ပြည်သူတွေနဲ့ လိုက်လျောညီထွေမှုမရှိဘဲ အခက်အခဲဖြစ်စေတယ်ဆိုရင် အချိန်မရွေး ပြုပြင်ရေးသားတာတွေလည်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါမြို့ #ကျောတိုက် #ပအဖ #သေဒဏ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10