သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦးအနက် ၂ ဦးကို သေဆုံးလျက် ပြန်တွေ့

သဲတာကျိုးလို့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၇ ဦးအနက် ၂ ဦးကို သေဆုံးလျက် ပြန်တွေ့

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယက်ကန်းတော်ကျေးရွာ၊ ဒေါ်အေးကျင်ကွေ့လမ်းအနီးမှာ ရေဆိုးထုတ်မြောင်းဆောက်လုပ်ရေးဆိုဒ်တခုမှာ သဲတာကျိုးတာကြောင့် ပျောက်ဆုံးနေတဲ့  အလုပ်သမား ၇ ဦးအနက် ၂ ဦးရဲ့အလောင်းကို ဒီကနေ့မနက်မှာ စတင်တွေ့ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင်လ ၁၆ ရက် မနက် ၆ နာရီကျော်ကစတင်ပြီး အလုပ်သမားတွေပျောက်ဆုံးနေတဲ့နေရာကို ကယ်ဆယ်ရှာဖွေရေးအဖွဲ့တွေက ဆက်လက်ရှာဖွေရာ မနက် ၉ နာရီကျော်မှာ အသက် ၅၆ နှစ်အရွယ် ဦးမြင့်အောင်နဲ့ နေ့လည် ၁ နာရီခန့်မှာ ကိုခန့်သူအောင် (ခ) တက်တူး ၂၉ နှစ်ရဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့အလောင်းတွေကိုတော့ ရေဆိုးထုတ်တဲ့မြောင်းအတွင်းကနေဘဲ ပြန်တွေ့ခဲ့ရတယ်။ ကျန် ၅ ဦး ကိုလည်း မြောင်းအတွင်းမှာပဲ ရှိနေမယ်လို့ယူဆပြီးဆက်ရှာနေကြတယ်" လို့ အမရပူရဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက် မနက် ၈ နာရီကျော်ခန့်မှာ ရေဆိုးထုတ်မြောင်းပြုလုပ်နေတဲ့ဆိုဒ်အနီး သဲဖို့ထားတဲ့နေရာကို ဧရာဝတီမြစ်ရေဝင်ရောက်လာလို့ ဖို့ထားတဲ့သဲတာကျိုးကာ အလုပ်သမား ၁၀ ဦး မျောပါခဲ့ပြီး ၃ ဦးကို ချက်ချင်းပြန်ဆယ်နိုင်ခဲ့ပေမယ့် ၇ ဦး ပျောက်ဆုံးနေတာပါ။

ပျောက်ဆုံးနေသူတွေဟာ အသက် ၁၈နှစ် ကိုကျော်ဇင်လင်း၊ အသက် ၂၁နှစ် ကိုတရုတ်ကြီး၊ အသက်၂၂နှစ် ကိုငနေ၊ အသက် ၃၀နှစ် ကိုအောင်မိုးကျော်၊ အသက် ၅၆နှစ် ဦးအောင်မြင့်၊ အသက်၂၃ နှစ် ကိုငယ်ငယ်နဲ့ အသက် ၂၉နှစ် ကိုခန့်သူအောင်(ခ)တက်တူးတို့ဖြစ်ပြီး အဲ့ဒီထဲက ၂ ဦးရဲ့ရုပ်အလောင်းကို ၂ ရက်အကြာ ဒီကနေ့မနက်ပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့ကာ ကျန်ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။

ယခုဇူလိုင်လအတွင်းမှာ ဧရာဝတီ၊ ချင်းတွင်းမြစ်ရေအပါအဝင် မြစ်ရေကြီးမှုတွေကြောင့် ကချင်ပြည်နယ်၊မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ ရေ ကြီးရေလျှံတာတွေဖြစ်ပေါ်နေပြီး ရေကြီးမှုတွေအတွင်း လူသေဆုံးမှုရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10