၅ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုနှိပ်စက်ခဲ့သူတွေထဲက အမျိုးသားကို ဖမ်းဆီးထား

၅ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုနှိပ်စက်ခဲ့သူတွေထဲက အမျိုးသားကို ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုထဲက ကျေးရွာတရွာမှာ ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီး နှိပ်စက်ခဲ့တဲ့လင်မယား ၂ ဦးထဲက အမျိုးသားဖြစ်သူ ဦးတင်ဇော်ဝင်းကို ရဲစခန်းမှာဖမ်းဆီးထားလိုက်ပြီလို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်ညနေပိုင်းမှာ ပြစ်မှုကျူးလွန်ထားသူတွေက နစ်နာသူကလေးငယ်ရဲ့ မိသားစုဝင်တွေနဲ့ အုတ်တွင်းမြို့မရဲစခန်းမှာ ညှိနှိုင်းဖို့လာချိန် ရဲကဖမ်းဆီးထားပြီး ရဲစခန်းမှာပဲ ချုပ်ထားတာလို့ ဆိုပါတယ်။

"နစ်နာသူမိသားစုဘက်က အမှုဖွင့်ထားတော့ သူတို့ဘက်က စခန်းမှာလာရှင်းချိန် တခါတည်း ဖမ်းထားလိုက်တာ။ ဖမ်းတော့ ဖမ်းထားတယ်။ လွတ်အောင် ညှိဖို့ကြိုးစားနေတယ်။ ဒီဘက်ကလည်း ဝိုင်းဖိတော့ ညှိလို့မရတော့ဘူး ဖြစ်သွားတယ်"လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

နစ်နာသူမိသားစုတွေဘက်က တိုင်ကြားချက်အရ ရဲက ကနဦးဖမ်းဆီးထားတာဖြစ်ပြီး ဘယ်လို ပုဒ်မတပ်ပြီး အရေးယူမလဲဆိုတာကိုတော့ ကလေးနဲ့ပတ်သက်ပြီး တရားဝင်ဆေးစစ်ချက်ရမှ သိနိုင်မှာလို့ ဆိုပါတယ်။ 

ဒါ့ကြောင့် လက်ရှိမှာ အုတ်တွင်းတရားရုံးက ညွှန်ကြားချက်စာကိုစောင့်နေပြီး စာရတာနဲ့ တောင်ငူဆေးရုံကနေ စစ်ဆေးချက်ရရှိဖို့ ပြင်နေတယ်လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

ကလေးရဲ့မိသားစုဘက်ကတော့ ဦးတင်ဇော်ဝင်းတို့ လင်မယားနှစ်ဦးစလုံးကို အရေးယူပေးဖို့ အုတ်တွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါမိန်းကလေးငယ်ကို တရွာတည်းနေ ဦးတင်ဇော်ဝင်းနဲ့ ဇနီးဖြစ်သူ မပိုပိုချစ်တို့က ၂၀၂၃ ခုနှစ်ကတည်းက မွေးစားထားခဲ့တာပါ။

မွေးစားထားပြီး ယခုနှစ်ဩဂုတ်လ နောက်ဆုံးအပတ်လောက်အတွင်းမှာ မွေးစားဖခင် ဦးတင်ဇော်ဝင်း က ကလေးငယ်ကို ကျေးရွာနေအိမ်မှာ ၁ ကြိမ်၊ တောစပ်မှာ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ရက်ခြားပြီး အဓမ္မပြုကျင့်ခဲ့ပါတယ်။

အဲဒီနောက် မိန်းကလေးငယ်ရဲ့ ပြောဆိုချက်အရ ဟင်းခိုးစားတယ်ဆိုကာ မပိုပိုချစ်က ကလေးငယ်ရဲ့ မျက်ခွံနဲ့ခေါင်းကို ဓားနဲ့ခုတ်၊ လက်ကိုမီးနဲ့ရှို့၊ လည်ပင်းအနောက်ဘက်နဲ့ ကျောကုန်းတွေမှာ ဘရိတ်ဓားနဲ့ ၂၉ ချက်တိတိလှီးတာတွေ လုပ်ဆောင်ခဲ့ပြီး၊ အဲ့ဒီနောက် မွေးစားအဖေဖြစ်သူ တင်ဇော်ဝင်းက နှာခေါင်းနဲ့ ပါးစပ်ကိုလက်သီးနဲ့ထိုးတာ၊ ရေနွေးပူနဲ့ပါးစပ်ထဲကို လောင်းထည့်တာ၊ မျက်နှာကိုဓားနဲ့ ခုတ်တာ စတာတွေထပ်မံလုပ်ဆောင်ကာ အသီးသီးနှိပ်စက်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

စက်တင်ဘာလပထမပတ်အတွင်းမှာ မွေးစားမိဘတွေက အဆိုပါမိန်းကလေးငယ်ကို တောင်ငူမြို့ ဆေးရုံမှာ ၃ ရက်ကြာဆေးကုပေးပြီး  ကျေးရွာကိုပြန်လည်ရောက်ရှိချိန် အဖိုးအရင်းဖြစ်သူက ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကိုတွေ့ရှိခဲ့ရတာကြောင့် ပြန်လည်ခေါ်ယူခဲ့ပြီး မေးမြန်းခဲ့ရာအဓမ္မပြုကျင့်ခံရတာနဲ့ နှိပ်စက်ခံထားရမှုတွေကို သိရှိခဲ့ရတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကလေးငယ်မှာရရှိထားတဲ့ အတွင်းဒဏ်ရာတွေနဲ့ ပြင်ပဒဏ်ရာတွေက သက်သာတာ မရှိသေးဘဲ ဆက်လက်ဆေးကုသနေရကာ လတ်တလောမှာ ကလေးငယ်ရဲ့အဖိုးနဲ့အဖွားမှာ ငွေကြေးချို့တဲ့တာကြောင့် ဆေးကုသဖို့နဲ့ အခြားအကူအညီတွေ အများအပြားလိုအပ်နေပါတယ်။ 

ကလေးငယ်မှာလည်း နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေသက်သာဖို့ အရေပြားနဲ့ သွားဘက်ဆိုင်ရာ ဆရာဝန်တွေနဲ့ကုသဖို့အပြင် စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့လည်း ပြသဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

နစ်နာသူ မိန်းကလေးငယ်ရဲ့မိဘအရင်းတွေဟာ ၂၀၂၃ မှာ အိမ်ထောင်ရေးပြိုကွဲပြီးနောက် ဖခင်အရင်းဖြစ်သူက တရွာတည်းနေ ငွေကြေးအဆင်ပြေသူ တင်ဇော်ဝင်းတို့မိသားစုထံ အမွေစားအမွေခံနဲ့မွေးစားခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

စာတည်း - လင်း  

#မြေလတ်အသံ

#အုတ်တွင်း #သက်ငယ်မိန်းကလေး #နှိပ်စက်ခံရ #မွေးစားမိဘ #အဓမ္မပြုကျင့် #ကလေးသူငယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10